အင်ဒိုနီးရှားလိုဏ်ဂူတွင် ကမ္ဘာ့ရှေးအကျဆုံး အနုပညာလက်ရာတစ်ခုကို တွေ့ရှိ

အင်ဒိုနီးရှားလိုဏ်ဂူတွင် ကမ္ဘာ့ရှေးအကျဆုံး အနုပညာလက်ရာတစ်ခုကို တွေ့ရှိ
Published 14 July 2024

အင်ဒိုနီးရှားနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော သာမညလိုဏ်ဂူပန်းချီလက်ရာသည် လူတစ်ဦး၏လက်ဖြင့် ရေးဆွဲထားသည့် ရှေးအကျဆုံး လက်ရာဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၅၁,၀၀၀ ကျော်က ရေးဆွဲခဲ့ ခြင်းဖြစ်သည်ဟု သုတေသနလေ့လာတွေ့ရှိချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

“ဒါက ပုံပြင်ပြောပြတဲ့ ရှေးအကျဆုံးသက်သေ အထောက်အထား ဖြစ်ပါတယ်”ဟု သြစတြေးလျရှိ ဂရစ် ဖစ်တက္ကသိုလ်မှ ရှေးဟောင်းသုတေသီ မက်ဆင်းအောဘတ်က ဆိုသည်။

အောဘတ်သည် ၂၀၁၉ခုနှစ်က ရှေးအကျဆုံးအနုပညာလက်ရာအဖြစ် ယခင်တွေ့ရှိချက်ကို ဖော် ထုတ်ခဲ့သောအဖွဲ့၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ထိုလက်ရာသည် အနီးအနားရှိ အင်ဒိုနီးရှား လိုဏ်ဂူတစ်ခုတွင် တွေ့ရှိခဲ့သော အမဲလိုက်သည့် မြင်ကွင်းတစ်ခုဖြစ်ပြီး ယင်းလက်ရာသည် လွန်ခဲ့သည့်နှစ် ပေါင်း ၄၄,၀၀၀ နီးပါးခန့်ကဖြစ်သည်ဟု ခန့်မှန်းထားသည်။

လေဆာနည်းပညာသစ်ဖြင့် ဖော်ထုတ်ခဲ့သည့် နောက်ဆုံးအကြိမ် တွေ့ရှိမှုသည် လွန်ခဲ့သည့်နှစ်သက် တမ်းပေါင်း ၅၀,၀၀၀ က အနုပညာ လက်ရာတစ်ရပ်ကို ပထမဆုံးအကြိမ် တွေ့ရှိမှုဖြစ်သည်ဟုဆိုသည်။

အစောပိုင်းလူသားများသည် ထိုကဲ့သို့ ခေတ်မီဆန်းပြားသော ပုံပြင်ဇာတ်လမ်းကို အနုပညာဖြင့် ပြောပြနိုင်ခဲ့ပြီး လူသားတို့၏ သိမြင်မှုဆင့်ကဲပြောင်းလဲမှုအပေါ် နားလည်ထားမှုများကို ပြန်လည်ပြင် ဆင်သတ်မှတ်နိုင်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့တွေ့ရှိချက် အရဆိုရင် ပုံပြင်ပြောပြတဲ့ အလေ့အထဟာ အရင်ကထင်ထားတာထက်  လူ့သမိုင်းရဲ့ များစွာရှေးကျနေပြီဆိုတာ သိရှိခဲ့ပါတယ်”ဟု ရှေးဟောင်း သုတေသီအဒမ်ဘရွမ်းက ဆိုသည်။

ယင်းရှာဖွေတွေ့ရှိမှုအတွက် သုတေသီများသည် ကျောက်တုံးနမူနာများ၏ မြေပုံတစ်ခုကို ဖန်တီး နိုင်ရန်အတွက် လေဆာများနှင့်ကွန်ပျူတာ ဆော့ဖ်ဝဲလ်များကို အသုံးပြုသည့် နည်းစနစ်အသစ်တစ်ရပ်ကို အသုံးပြုခဲ့သည်။

ယင်းလေဆာနည်းစနစ်သည် ပိုမိုတိကျ၊ လွယ်ကူပြီး မြန်ဆန်ကာ စျေးနှုန်းသက်သာသည့်အပြင် ယခင် ယူရေနီယမ်အစဉ်လိုက် နည်းစနစ်ထက် ပိုမိုသေးငယ်သော ကျောက်တုံးနမူနာများကို လိုအပ်သည်ဟု အောဘတ်က ဆိုသည်။

၎င်းတို့အဖွဲ့က ပထမဆုံးယခင် စံချိန်တင်ထားသည့် လက်ရာကို နည်းစနစ်အသစ်ဖြင့် စမ်းသပ်စစ် ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် အမဲလိုက်သည့် မြင်ကွင်းသည် အမှန်တကယ်အားဖြင့် လွန်ခဲ့သည့်နှစ်သက် တမ်းပေါင်း ၄၈,၀၀၀ ထက်မနည်းရှိကြောင်းသိရှိခဲ့ကာ ယခင်က ယင်းလက်ရာကို ၂၀၁၉ ခုနှစ်က ယူရေနီ ယမ်အစဉ်လိုက် နည်းစနစ်ဖြင့်စမ်းသပ် ထုတ်ဖော်ခဲ့သည့်ရလဒ်ထက် နှစ် ၄၀၀၀ ပိုမိုရှေးကျနေသည်ကို တွေ့ရသည်။

ယင်းနောက်ထိုအဖွဲ့သည် အင်ဒိုနီးရှား၏ ဆူလာဝေစီကျွန်းပေါ်ရှိ လိုဏ်ဂူတစ်ခုတွင် ၂၀၁၇ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့သော လက်ရာကို လေဆာနည်းစနစ်ဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးရာ၌ ယင်းလက်ရာသည် နှစ်သက်တမ်းပေါင်း ၅၁,၂၀၀ ထက်မနည်းရှိပြီး ယခင်စံချိန်ကိုချိုး နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

မှုန်ပျပျဖြစ်နေသည့် ယင်းပန်းချီလက်ရာ၌ တောဝက်တစ်ကောင်အနီးတွင် လူသုံးဦးကို ဖော်ပြထား သည်။“သူတို့တွေ ဘာလုပ်နေတယ်ဆိုတာ ကျွန်တော်တို့လည်း အတိအကျမသိပါဘူး” ဟု အောဘတ်ကဝန် ခံခဲ့သည်။

ယင်းပန်းချီလက်ရာကို လွန်ခဲ့သော နှစ်ပေါင်း ၆၅,၀၀၀ ဝန်းကျင်က သြစတြေးလျသို့ မရောက်ရှိမီအ ရှေ့တောင်အာရှသို့ ရွှေ့ပြောင်းလာသော ပထမဆုံးလူသားအုပ်စုတစ်စုက ရေးဆွဲခဲ့ဖွယ်ရှိသည်ဟု အော ဘတ်က ခန့်မှန်းထားသည်။

လွန်ခဲ့သည့်နှစ်ပေါင်း သုံးသိန်းကျော်က အာဖရိကတွင် လူသားများ ပထမဆုံးအကြိမ်ဆင့်ကဲဖြစ်ပေါ်လာ သည်။လူသားများက ရေးဆွဲခဲ့သည်ဟု လူသိများသော ပထမဆုံးရုပ်ပုံများသည် ရိုးရှင်းသော မျဉ်းကြောင်းများ နှင့် ပုံစံများဖြစ်ပြီး ၎င်းတို့ကို တောင်အာဖရိကတွင် တွေ့ရှိခဲ့ကာ ယင်းရုပ်ပုံများ၏ သက်တမ်းသည် နှစ်ပေါင်းတစ်သိန်းခန့်က ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။

သို့သော်ယင်းနောက်ပိုင်းတွင်  လွန်ခဲ့သော နှစ်ပေါင်း ၅၀,ဝဝဝခန့် ရှိ အင်ဒိုနီးရှား လိုဏ်ဂူပန်းချီများကို တွေ့ရှိသည့် အချိန်အထိ လူသားများ၏ အနုပညာလက်ရာတွင် ကွာဟချက်ကြီးတစ်ခုရှိနေသည်ဟု အော ဘတ်က ဆိုသည်။

“မေးခွန်းတစ်ခုကတော့ ဒီပန်းချီလက်ရာတွေက နေရာတိုင်းမှာ ဘာကြောင့်ရှိမနေတာလဲ”ဟု၎င်းက ဆိုသည်။

ယူဆချက်တစ်ခုမှာ အခြားနေရာများရှိ အနုပညာလက်ရာများသည် ထောင်စုနှစ်တစ်လျှောက် တည်မြဲမှုမရှိခြင်းကြောင့် ဖြစ်သည်။ နောက်ထပ် ယူဆချက်တစ်ခုမှာ ရှေးဟောင်းအနုပညာလက်ရာသည်ရှာ ဖွေဖော်ထုတ်တွေ့ရှိနိုင်ရန် ဆက်လက်စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

Ref:AFP

Most Read

Most Recent