လုံခြုံရေးအဆင့်သတ်မှတ်ထားသော အချက်အလက်များကို ညံ့ဖျင်းစွာစီမံခန့်ခွဲမှုနှင့် တာဝန်ပေါ့ဆမှုအတွက် ရာနှင့်ချီသည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများ အရေးယူခံရ

လုံခြုံရေးအဆင့်သတ်မှတ်ထားသော အချက်အလက်များကို ညံ့ဖျင်းစွာစီမံခန့်ခွဲမှုနှင့် တာဝန်ပေါ့ဆမှုအတွက် ရာနှင့်ချီသည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများ အရေးယူခံရ
ဇူလိုင် ၁၂ ရက်က တိုကျိုမြို့ရှိ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကာကွယ်ရေးဝန်ကြီး မိနိုရု ကိဟာရကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၁၂ ရက်က တိုကျိုမြို့ရှိ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကာကွယ်ရေးဝန်ကြီး မိနိုရု ကိဟာရကို တွေ့ရစဉ်(Photo: AFP)
Published 13 July 2024

လုံခြုံရေးအဆင့် သတ်မတ်ထားသော အချက်အလက်များကို ညံ့ဖျင်းစွာစီမံခန့်ခွဲမှုနှင့် တာဝန်ပေါ့ဆမှုများအတွက် အဆင့်မြင့်အရာရှိနှင့် အမှုထမ်း ၂၀၀ ကျော်ကို စည်းကမ်းပိုင်းအရ အရေးယူမှုများ လုပ်ဆောင်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။

တရုတ်၏ ခြိမ်းခြောက်မှုများ ကြီးထွားလာစဉ် ယင်းသည် အမေရိကန်နှင့် အခြားမိတ်ဖက်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်၏ကြိုးပမ်း အားထုတ်မှုများကို ထိခိုက်စေနိုင်သည့် အ ရှက်ရစရာ အခြေအနေတစ်ခုဖြစ်သည်။

ရေတပ်အမှုထမ်းများသည် အရေးကြီးသတင်းအချက်အလက်များ ထိန်းသိမ်းကာကွယ်ရေးဥပဒေကို ချိုးဖောက်ခဲ့ပြီး အထူးတာဝန်များအတွက် ထောက်ပံ့ကြေးများ မမှန်မကန်တောင်းခံခြင်း၊ အခြေစိုက်စခန်းများရှိ စားရိပ်သာများတွင် အစားအသောက်များ အခမဲ့စားသုံးခွင့်အတွက် မတရားသဖြင့်တောင်းခံခြင်းကဲ့သို့ လက်မခံနိုင်သော အပြုအမူများကို ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အမှုထမ်းများသည် အာဏာအလွဲသုံးစားပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခံနေရသည်။

ယင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး မိနိုရုကိဟာရက တောင်းပန်ခဲ့ပြီး ထိုပြဿနာများသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပေါ်လူထု၏ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေသည်ဟုလည်း ၎င်းက ဆိုသည်။

ဖျက်သင်္ဘောနှင့် ရေငုပ်သင်္ဘောများနှင့် ပတ်သက်သည့် လုံခြုံရေးအဆင့်သတ်မှတ်ထားသော အချက်အလက်များအားညံ့ဖျင်းစွာ စီမံခန့်ခွဲခဲ့သည်ကို စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိရသော်လည်း အရေးကြီး အချက်အလက်များ စစ်တပ်ပြင်ပသို့ပေါက်ကြားခြင်း သို့တည်းမဟုတ် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီး ကိဟာရက ပြောကြားသည်။

သို့သော် ဂျပန်အနေဖြင့် အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် အခြားမိတ်ဖက် အနောက်နိုင်ငံများနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်၌ ယင်းကိစ္စရပ်သည် အရှက်ရစရာ အခြေ အနေတစ်ခုဖြစ်ပြီး ယုံကြည်စိတ်ချရသည့်ကာကွယ်ရေးမိတ်ဖက်ဟူသော ဂျပန်၏ဂုဏ်သတင်းကိုလည်း ထိခိုက်စေနိုင်သည်။ ဂျပန်သည် ထောက်လှမ်းရေးကဲ့သို့ နယ်ပယ်များတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်လင့်ထားသည်။

ယခုနှစ်အစောပိုင်းက ဂျပန်သည် အရေးကြီး သတင်းအချက်အလက်များ စီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းများကိုတင်းကျပ်သည့် လုံခြုံရေးဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ဂျပန်သည် ဆိုက်ဘာလုံခြုံရေးကို ကာကွယ်မည့်အစီအမံများအား တိုးမြှင့်မည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်လည်း စီစဉ်ထားသည်။

ကိဟာရက ၎င်းအနေဖြင့် လစာတစ်လစာ လျှော့ယူကာ ၎င်း၏တာဝန်များကို ဆက်လက်ထမ်းဆောင်မည် ဖြစ်သော်လည်း ရာထူးမှနုတ်ထွက်ခြင်းမပြုဘဲ အဖွဲ့အစည်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲမှုများဆက်လက် လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ဇူလိုင် ၁၂ ရက်က ဂျပန်သည် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent