တရုတ်၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို တပ်လှန့်နှိုးဆော်ခဲ့ကြောင်း ထိုင်ဝမ် ပြောကြား

တရုတ်၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို တပ်လှန့်နှိုးဆော်ခဲ့ကြောင်း ထိုင်ဝမ် ပြောကြား
၂၀၀၉ ခုနှစ်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တရုတ်၏ DF-15B ဒုံးကျည်များကို တွေ့ရစဉ်(Photo: AFP)
၂၀၀၉ ခုနှစ်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တရုတ်၏ DF-15B ဒုံးကျည်များကို တွေ့ရစဉ်(Photo: AFP)
Published 13 July 2024

တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂို လီးယားဒေသတွင် ပြုလုပ်နေသည့်  ဒုံးကျည် စမ်းသပ်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို တပ်လှန့်နှိုးဆော်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်၏ မြင့်တက်လာသည့် စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ခဲ့သည့် ထိုင်ဝမ်သည် တရုတ်နိုင်ငံအတွင်း ပြုလုပ်သည့် ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်ပြီး အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

ဇူလိုင် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် အတွင်း မွန်ဂိုလီးယားဒေသရှိ တရုတ်၏ ဒုံးကျည်တပ်ဖွဲ့က ပစ်လွှတ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုများကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အတွင်း မွန်ဂိုလီးယားဒေသသည် ထိုင်ဝမ်နှင့် ကီလိုမီတာ ၂၀၀၀ အကွာတွင် တည်ရှိသည်။

ထိုင်ဝမ်တပ်ဖွဲ့များသည် အခြေအနေကို အမြဲမပြတ် အနီးကပ်စောင့်ကြည့်နေပြီး လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို တပ်လှန့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပေ။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနအား ရုံးချိန်ပြင်ပတွင် ဖုန်းဆက်သွယ်ခေါ်ယူခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဒုံးကျည်တပ်ဖွဲ့သည် တရုတ်၏ သမားရိုးကျနှင့် နျူကလီးယားဒုံးကျည်လက်နက်တိုက်ကို ဦးစီးရသည့် တပ်ဖွဲ့ဖြစ်သည်။

၂၀၂၂ ခုနှစ် သြဂုတ်လကလည်း တရုတ်သည် ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီလာရောက်မှုကို ဒေါသထွက်ကြောင်း ဖော်ပြသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုုင်ဝမ်သည် တရုတ်နိုင်ငံအတွင်းဘက်သို့ နက်ရှိုင်းစွာ ကြည့်ရှုနိုင်ရန်အတွက် ၎င်းတို့ ကျွန်းပေါ်ရှိ တောင်တန်းဒေသများ၏တောင်ထိပ်များပေါ်တွင် အလွန်အားကောင်းသည့် ရေဒါစခန်းများကို ထားရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု ကြေညာထားသည်။

ထို့ပြင် မေလတွင် ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပိုင်းအကြာတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး စစ်ရေးဖိအားများကို တိုးမြှင့်ခဲ့သည်။တရုတ်သည် လိုင်ကို အန္တရာယ်များ သည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

ဇူလိုင် ၁၁ ရက်တွင် ထိုင်ဝမ်ကျွန်းအနီး  တရုတ်၏ စစ်လေယာဉ် ၆၆ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းသည် ၂၄ နာရီအတွင်း တရုတ်လေယာဉ်အစင်းရေ အ များဆုံးကို စံချိန်တင်တွေ့ရှိမှုဖြစ်ခဲ့သည်။

မကြာသေးမီက အမေရိကန်၏ ထိပ်သီးအရာရှိတစ်ဦးနှင့် ထိုင်ဝမ်အကြား တွေ့ဆုံမှုနှင့် ထိုင်ဝမ်အပေါ် ထောက်ခံကြောင်းပြောကြားမှုများအပါအဝင် နိုင်ငံရေးဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က စစ်အင် အားပြသခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူ ဆုဇူးယွမ်က ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံမှုကို မကျေနပ်ကြောင်း ဖော်ပြရန်အတွက် ထိုင်ဝမ်ကို ဖိအားများတိုး မြှင့်နေကြောင်း ထိုင်ဝမ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနအင်စတီကျုမှ ကျွမ်းကျင်သူဆုက ပြောကြားခဲ့သည်။

Ref: Reuters/AFP

Most Read

Most Recent