အာဖဂန်နစ္စတန်တွင် ဘာသာရေးရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာမည်ဟု တာလီဘန်အဖွဲ့ ပြောကြား

အာဖဂန်နစ္စတန်တွင် ဘာသာရေးရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာမည်ဟု တာလီဘန်အဖွဲ့ ပြောကြား
၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် ကင်းလှည့်နေသည့် တာလီဘန် လက်နက်ကိုင်များကို တွေ့ရစဉ်(Photo:AP)
၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် ကင်းလှည့်နေသည့် တာလီဘန် လက်နက်ကိုင်များကို တွေ့ရစဉ်(Photo:AP)
Published 10 July 2024

အာဖဂန်နစ္စတန်တွင် ဘာသာရေးဥပဒေများ ပြဋ္ဌာန်းမှုတွင် ဘာသာရေးရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုုမြင့်မားစွာ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း တာလီဘန်အစိုးရက ပြောကြားခဲ့သည်ဟု ဇူလိုင် ၉ ရက်က ထုတ် ပြန်သည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး တာလီဘန်အဖွဲ့သည် အကြောက်တရားကို ဖန်တီးနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲခဲ့သည်။

အာဖဂန်နစ္စတန်၏ သုစရိုက်မြှင့်တင်ရေးနှင့် ဒုစရိုက်တားဆီးရေးဝန်ကြီးဌာနသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့်အတူ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ရှိစေခဲ့သည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ကုလအကူအညီပေးရေးမစ်ရှင် (UNAMA)  က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်က အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီးကတည်းက ထိုဝန်ကြီးဌာနသည် အစ္စလာမ်ဘာသာကို အလွန်တင်းကျပ်စွာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ ပြုလုပ်ခဲ့သည်။

အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ခေါ် ဘာသာရေးရဲတပ်ဖွဲ့များသည် အမျိုးသမီးများကို ဖယ်ကြဉ်ထားပြီး အစ္စလာမ်ဘာသာအရ မသင့်တော်ကြောင်း ယူဆရသည့် တေးသီချင်းများနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ထိရောက်စွာ တားမြစ်ထားသည့် အမိန့်ပြန်တမ်းများအား ချိုးဖောက်သည့် အရပ်သားများကို ဆူပူကြိမ်းမောင်းခြင်း၊ ဖမ်းဆီးခြင်း၊ အပြစ်ပေးခြင်းများ ပြုလုပ်ပိုင်ခွင့်အာဏာကို ရရှိထားသည်။

အဆိုပါဝန်ကြီးဌာနက အာဖဂန်နစ္စတန် ပြည်သူများ၏ ပုဂ္ဂိုလ်ရေးဘဝများကို ထိပါးမှု၊ တရားဝင်လုပ်ပိုင်ခွင့် အာဏာများကို လိုသလိုအဓိပ္ပာယ်ကောက်ယူမှုနှင့် မသင့်တော်သည့် အပြစ်ပေးမှုများ ပြုလုပ်နေခြင်းသည် အကြောက်တရားနှင့် ခြိမ်းခြောက်မှုသံသရာကို ဖန်တီးနေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ တာလီဘန်အာဏာပိုင်များကမူ ၎င်းတို့၏ သုစရိုက်မြှင့်တင်ရေးနှင့် ဒုစရိုက်တားဆီးရေး ဝန်ကြီးဌာနသည် ပြည်သူ့ဘဝများ၏ ရှုထောင့်ပေါင်းစုံမှတွေးပြီး ထိခိုက်နစ်နာမှုမရှိစေဘဲ အကျိုးရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

အစ္စလာမ်မစ်ဥပဒေအရ ရေးဆွဲထားသည့် တရားဝင်မှတ်တမ်းများအရ ထိုဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်ကို ပိုမိုမြှင့်တင်ပေးရန် လိုအပ်သည်ဟုလည်း တာလီဘန်အာဏာပိုင်များက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၃ နှစ်မှစပြီး ယခုနှစ်မတ်လအကြား ထိုဝန်ကြီးဌာန၏ လုပ်ဆောင်မှုမှတ်တမ်းများကို ဖော်ပြထားသည်။

တာလီဘန်အစိုးရသည် အမျိုးသားအဖော်မပါဘဲ အမျိုးသမီးများကို ခရီးသွားခွင့်ပိတ်ပင်ခြင်း၊ အမျိုးသမီးများအတွက် ဝတ်စားဆင်ယင်ပုံ စည်းကမ်းများထုတ်ပြန်ခြင်း၊ အမျိုးသမီးများကို ပြည်သူပိုင် ပန်းခြံများသို့ သွားရောက်ခွင့်ပိတ်ပင်ခြင်း၊ အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ခြင်းအစရှိသည့် ထိန်းချုပ်ကန့်သတ်မှုများကို လုပ်ဆောင်ခဲ့သည်။

ထို့ပြင် နေ့စဉ်ဘဝတွင် အမျိုးသားများနှင့် အမျိုးသမီးများအကြား ထွေးရောယှက်တင်မရှိစေရန် အစီအစဉ်များ ထုတ်ပြန်ခြင်း၊ အမျိုးသားများကို အနောက်နိုင်ငံပုံစံ ဆံပင်ပုံစံများ မညှပ်ပေးရန် ဆံသဆရာများကို ညွှန်ကြား ထားခြင်းနှင့် သီချင်းဖွင့်သူများကို ဖမ်းဆီးခြင်းတို့အပါအဝင် အခြားတင်းကျပ်သည့် စည်းကမ်းများကို ထုတ်ပြန်ခဲ့သည်။

Ref:AFP

Most Read

Most Recent