■ TNLA ကို ထိန်းကြောင်းပေးရန် "၀" အဖွဲ့(UWSP) ထံ SSPP က စာပေးပို့တောင်းဆို

■ TNLA ကို ထိန်းကြောင်းပေးရန် "၀" အဖွဲ့(UWSP) ထံ SSPP က စာပေးပို့တောင်းဆို
Published 9 July 2024

TNLA ကို ထိန်းကြောင်းပေးရန် "၀" အဖွဲ့(UWSP) ထံ SSPP က စာပေးပို့တောင်းဆို

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)အား SSPP က  နှောင့်ယှက်နေပြီး ၎င်းတို့နှစ်ဖွဲ့အကြား ပြဿနာကို FPNCC ၏ ကြားဝင်ထိန်းသိမ်းညှိနှိုင်းမှုကို နာခံရန် စောင့်ဆိုင်းလျက်ရှိဟု TNLA ထုတ်ပြန်

 

တအာင်းတပ်မ တော်(TNLA) ကို ထိန်းကြောင်းပေးရန် "၀" အဖွဲ့(UWSP/UWSA) ထံ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP)က ဇူလိုင် ၆ ရက်က စာပေးပို့တောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါပေးပို့စာအား SSPP က တရားဝင်ထုတ်ပြန်ထား ခြင်းမရှိသော်လည်း ယင်းစာသည်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

SSPP က "၀" အဖွဲ့ထံ ပေးပို့သည့်စာကို SSPP ဒုတိယဥက္ကဌက UWSA/UWSP စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းအား လိပ်မူပေးပို့ခဲ့ခြင်း ဖြစ်သည်။

 မဟာမိတ် TNLA တပ်ဖွဲ့များသည် မိမိတို့ SSPP/SSA တပ်ဖွဲ့များအား  ဇူလိုင် ၅ ရက်တွင် လေး ကြိမ်တိုင်တိုင် အစီအစဉ် ရှိရှိဖြင့် တစွတ်ထိုး ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ TNLA နှင့် မိမိတို့ SSPP ဆက်ဆံရေး အခြေအနေကို မဟာမိတ် UWSP နှင့် မိမိတို့ SSPP ဆက်ဆံရေးကဲ့သို့ အပြန်အလှန် လေးစားမှုနှင့် ကူညီဖေးမမှုရှိခြင်းများဖြင့် ရှေ့ဆက် ချီတက်သွားနိုင်ရေးအတွက် UWSP လူကြီးမင်းများ၏ ကူညီထိန်းကြောင်းပေးမှုများ အထူးလိုအပ်လျက်ရှိကြောင်းနှင့်

မဟာမိတ် UWSP လူကြီးမင်းများ သိရှိနိုင်ပါရန်နှင့် လိုအပ်သလို ကူညီထိန်းကြောင်းပေးမှု များ ပြုလုပ်နိုင်ရန် အကူအညီ တောင်းခံတင်ပြအပ်ကြောင်းSSPP က ပေးပို့ခဲ့သည့် စာတွင် ဖော်ပြထားသည်။

SSPP နှင့် TNLA တို့သည် "၀" အဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ ဝင်များဖြစ်ကာ ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်သေဆုံးမှုရှိခဲ့ကာ အခြေအနေ တင်းမာလျက်ရှိသည်။

ထိုသို့ SSPP က "၀" အဖွဲ့ထံတိုင်တန်းပြီးနောက် ဇူလိုင် ၈ ရက်တွင် TNLA က ကြောညာချက်ထုတ်ပြန်ရာတွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)အား SSPP က  နှောင့်ယှက်နေပြီး ၎င်းတို့နှစ်ဖွဲ့အကြား ပြဿနာကို FPNCC ၏ ကြားဝင်ထိန်းသိမ်းညှိနှိုင်းမှုကို နာခံရန် စောင့်ဆိုင်းလျက်ရှိဟု ဖော်ပြထားသည်။

 ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)သည် မြောက်ပိုင်းညီနောင်မဟာမိတ် (MNDAA, AA) တို့နှင့် အတူ (၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂) ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှစတင်၍ အကောင်အထည်ဖော်ကာ တော်လှန်တိုက်ခိုက်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့်အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များ၏ နှောင့်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန် နေသည်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး၊ ထိုလုပ်ရပ်များ ရပ်တန့်ထိန်းသိမ်းရန် တောင်းဆိုကြောင်း TNLA က ထုတ်ပြန်သည်။

ထို့ပြင် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် မိမိတို့တအာင်းတပ်မတော်၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့၊ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး၊ ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရ ကြောင်း၊ ထိုဖြစ်စဉ်တွင် တအာင်းတပ်မတော်၏ စစ်ဦးစီးမှူး၏နာမည် ပြောဆိုသံကြားရပြီး “..ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်" ဟူသော စကားပြောစက်မှ အမိန့်ပေး ပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုပစ်ခတ်မှုတွင် မိမိတို့၏ စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း-စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း(၅၇၇) တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင်သုံးဦး ထိုနေရာတွင်ပင် ကျဆုံးခဲ့ကြောင်း TNLA ကဆိုသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း သီပေါ-ကျင်သီတံတားစခန်းမှ ကျောက်မဲမြို့သို့ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုပို့ဆောင်သည့် မိမိတို့တပ်ဖွဲ့ဝင်များ၏ကားသည် သီပေါမြို့နယ် ကြံခင်း-ရေပူရွာ၊ ဘုန်းကြီးကျောင်း ရှေ့ဖြတ်သန်းစဉ် SSPP တပ်ဖွဲ့ဝင်များက အုတ်တံတိုင်းအကွယ်မှ ပစ်ခတ်တိုက်ခိုက် လိုက်သဖြင့် ကားပေါ်ရှိ မိမိတို့၏ သီပေါမြို့နယ်မှူးနှင့် စစ်သုံ့ပန်းတစ်ဦး ပွဲချင်းပြီးကျဆုံးခဲ့ပြီး၊ တပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း၊ ဇွန်လ (၂၅) ရက်မှ ပြန်လည်စတင်ခဲ့သည့် ယခုစစ်ဆင်ရေးအပိုင်း(၂)တွင် သီပေါနှင့် ကျောက်မဲမြို့နယ် များရှိ ရန်သူစစ်စခန်းများကို မိမိတို့ဝန်းရံတိုက်ခိုက်ကြစဉ်၊ အချို့နေရာများတွင် တပ်မ တော်စခန်းများ မကျရှုံးမီ SSPP တပ်ဖွဲ့များထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက  တပ်မတော် တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင် ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်ကို ကြုံတွေ့ခဲ့ကြ ကြောင်း၊ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခုစစ်ဆင်ရေးမစမီကာလ ကတည်းကပင် SSPP ခေါင်းဆောင်များနှင့်ဆက်သွယ်ညှိနှိုင်းခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းတို့ဖြင့် အတူတကွ ပူးပေါင်းစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း၊

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း SSPP ခေါင်းဆောင်များကတုန့်ပြန်ခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးများကို တော်လှန်ရေးအင်အားစုများနှင့်အတူ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပေါ်ပေါက်လာသော ပြဿနာများကိုလည်း FPNCC သို့ တင်ပြထားပြီး အမြန်ဆုံး ကြားဝင်ထိန်းသိမ်းညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

င်္FPNCC တွင် ၀ အဖွဲ့ (UWSA) TNLA, SSPP , AA, MNDAA, KIA , မိုင်းလား အဖွဲ့ (NDAA) တို့ ပါဝင်သည်။

Most Read

Most Recent