ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 20 June 2024

ဆလိုဗေးနီးယား နှင့် ဆားဘီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ရး၃၀ နာရီ)

ဆလိုဗေးနီးယားအတွက်ရော ဆားဘီးယားအတွက်ပါ အမှားမခံတဲ့ အချိန်ကိုရောက်ပါပြီ။ ဒီနှစ်သင်းကြားမှာ တစ်ဦးချင်းခြေစွမ်းက သိပ်မကွာကြဘူး။ နှစ်သင်းစလုံးမှာ အရည်အသွေးမြင့်ကစားသမားတွေ ပါဝင်ကြပြီး တိုက်စစ်ကလည်း အားကောင်းတယ်။ ဆလိုဗေးနီးယားတိုက်စစ်မှာ ရှက်ရှကိုရဲ့ ခြေစွမ်းက အားကောင်းသလို ဆားဘီးယားကလည်း ထိပ်တန်းတိုက်စစ်စုဖွဲ့မှုနဲ့ အသင်းမျိုးပါ။ အသင်းလိုက်မှာ ဆလိုဗေးနီးယားက နည်းနည်းပိုမာကျောပုံရတယ်။ သရေကျဖို့တော့ များပါတယ်။ 

ဒိန်းမတ် နှင့် အင်္ဂလန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

အင်္ဂလန်က ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲခရီးမှာ ဒိန်းမတ်နဲ့ ရှုံးထွက်အဆင့်မှာတွေ့ခဲ့ပြီး အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တယ်။ နှစ်သင်းစလုံးက မာကျောပြီး ကြံ့ခိုင်မှု အားကောင်းကြတယ်။ ဒါပေမဲ့ တစ်ဦးချင်းအရည်အသွေးမှာ အင်္ဂလန်က ပိုကောင်းပါတယ်။ အင်္ဂလန်အသင်းအတွက် အဓိကလိုအပ်တာက စုဖွဲ့အလုပ်လုပ်ပုံအပိုင်းမှာ ဒိန်းမတ်လို အလုပ်လုပ်နိုင်မယ်ဆိုရင် ဒီပွဲက အင်္ဂလန် သေချာပေါက်နိုင်မယ့့်ပွဲဖြစ်တယ်။ အင်္ဂလန်သာ စုဖွဲ့ပုံအပိုင်းမှာ အားနည်းချက်ရှိရင်တော့ ဒီနှစ်သင်းအကြားမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိသွားလိမ့်မယ်။ ဒိန်းမတ်အတွက်လည်း အခွင့်အရေး ရှိသွားနိုင်တယ်။  ပုံမှန်အားဖြင့်တော့ အင်္ဂလန် အသာစီးယူမယ့်ပွဲပါ။ အင်္ဂလန်ကို ကြိုက်တယ်။ 

စပိန် နှင့် အီတလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

စပိန်ရော အီတလီရော နှစ်သင်းစလုံးက အဖွင့်ပွဲမှာ နိုင်ပွဲကိုယ်စီ ယူထားနိုင်ကြတဲ့အသင်းတွေပါ။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ခဲ့ကြပြီး အီတလီက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ စပိန်အသင်းက အသာစီးယူနိုင်ခဲ့ပြီး အီတလီအသင်းကို နိုင်ပွဲတွေယူခဲ့တယ်။ Nations League ပြိုင်ပွဲမှာတုန်းကလည်း စပိန်က အီတလီကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူခဲ့တယ်။ တကယ်တော့ စပိန်အသင်းရဲ့ ကစားဟန်က အီတလီကို ဒုက္ခပေးနိုင်လေ့ရှိပါတယ်။ လက်ရှိကစားပုံအရလည်း စပိန်က အီတလီထက် ပိုကောင်းတယ်လို့ ပြောနိုင်တယ်။ အီတလီက လက်ရှိချန်ပီယံအသင်းဆိုပေမဲ့ စပိန်လက်စားချေမှာပါ။ အနိမ့်ဆုံး သရေပဲ။ 

Most Read