ပေါက်ခေါင်းမြို့နယ် တောင်လည်တိုက်နယ်ဆေးရုံတွင် ရေရှားပါးမှုကြောင့်ဖြစ်ရသည့် မသန့်ရှင်းမှုနှင့် ဝမ်းရောဂါဖြစ်ပွားမှုအချို့ရှိလာ

ပေါက်ခေါင်းမြို့နယ် တောင်လည်တိုက်နယ်ဆေးရုံတွင် ရေရှားပါးမှုကြောင့်ဖြစ်ရသည့် မသန့်ရှင်းမှုနှင့် ဝမ်းရောဂါဖြစ်ပွားမှုအချို့ရှိလာ
Published 18 March 2018

တောင်လည် တိုက်နယ်ဆေးရုံနှင့် ရေသိုလှောင်သုံးစွဲနေရသည့်မြင်ကွင်း

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်တိုက်နယ်ဆေးရုံတွင် နွေရာသီမရောက်မီမှာပင် ရေရှားပါးမှု ပြဿနာကြောင့် ကုသရေးခက်ခဲခြင်း၊ တက်ရောက်ကုသသူများ ချွေတာသုံးစွဲရပြီး ဝမ်းရောဂါဖြစ်ပွားမှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ တိုက်နယ်ဆေးရုံမှာ အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်မှ လူနာများ တက်ရောက်ကုသမှီခိုနေရသည့် ဆေးရုံဖြစ်ကာ ဖေဖော်ဝါရီလကုန်ခန့်မှစ၍ ရေရှားပါးမှု ကြုံတွေ့ခဲ့ရပြီး အနီးဝန်းကျင်ကျေးရွာ၊ မြို့နှင့် ဘုန်းကြီးကျောင်းများက လာရောက်လှူဒါန်းသည့်ရေဖြင့် သုံးစွဲနေရပြီဖြစ်ကြောင်း ယင်းဆေးရုံက သိရသည်။

“နှစ်လပိုင်းကုန်ခါနီးကတည်းက ရေအလှူခံနေရပြီ အဝီစိရေပေါ့။ လက်ရိုက်တွင်းလေးတွေ တူးတယ်။ နှစ်နှစ်လောက်ပဲသုံးပြီးရင် ခန်းခန်းသွားတယ် မထွက်တော့ဘူး။ ရေက တော်တော်ခက်ခဲတယ်။ ကျွန်တော်တို့ တူးထားတဲ့ နှစ်တွင်းကလည်း လာမယ့်နှစ်ဆိုသုံးရမှာ မဟုတ်တော့ဘူး။ တက်ရောက် ကုသသူတွေမှာ မွေးလူနာတွေကလည်း ၁၃ ယောက်လောက် ရှိနေတော့ မွေးလူနာက ရေအသုံးများတယ်။ အနှီးလျှော်၊ သန့်ရှင်းရေးလုပ်၊ ခွဲခန်းတွေဝင်တဲ့အခါမှာလည်း ရေကလိုတယ်။ ကျွန်တော်တို့မှာ ဘယ်လိုမှအဆင်မပြေဘူး။ နွေရောက်လာရင် ရေကိစ္စကိုပဲ ခေါင်းခဲနေရတယ်” ဟု တောင်လည်တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာကျော်မိုးက ပြောကြားသည်။

ရေရှားပါးကာလတွင် ဆေးရုံလူနာစောင့်များအနေဖြင့် စောင်ခြင်ထောင်များ မလျှော်ကြရန် တားမြစ်ထားရပြီး ရေကို ချွေတာသုံးစွဲရန် မေတ္တာရပ်ခံထားရကြောင်း၊ ရေရှားမှုကြောင့် ဖြစ်ပွားလာသည့် မသန့်ရှင်းခြင်းများတွင် ဝမ်းရောဂါလည်း ဖြစ်ပွားလာကြောင်း၊ ယခင် ငါးဦးဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဦးဖြစ်ပွားကြောင်း ၎င်းက ပြောကြားသည်။

“အောက်ခြေကို နက်နက်တူးမှသာ ရေအတွက်က အဆင်ပြေမယ်။ ကျွန်တော်တို့က တောက်လျှောက်သွားပို့ဖို့ဆိုတာ နည်းနည်းခဲယဉ်းတယ်။ လိုအပ်တဲ့ အချိန်တော့သူတို့ ဖုန်းဆက်တော့သွားသွားတော့ ပို့တယ်။ အခြားရေရှားတဲ့ရွာတွေလည်း ရှိနေတော့ သူတို့ဆီကို လိုအပ်မှပဲသွားဖြစ်တယ်။ ကျွန်တော်တို့နဲ့တင် မရလို့ အခြားကိုလည်း အကူအညီ တောင်းရတယ်။ မနှစ်ကဆို ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တယ်” ဟု ပေါက်ခေါင်းမြို့၊ ဆုံရိပ်ရေလှူအဖွဲ့မှ ကိုစိုးမင်းအောင်က ပြောကြားသည်။

Most Read

Most Recent