အပူချိန်မြင့်တက်မှုကြောင့် ပင်လယ်ဘက်မှ ရေငွေ့ပျံတက်ကာ တိမ်တိုက်များ ဖြစ်ပေါ်ပြီး ဒေသအချို့တွင် မိုးရွာသွန်းနိုင်

အပူချိန်မြင့်တက်မှုကြောင့် ပင်လယ်ဘက်မှ ရေငွေ့ပျံတက်ကာ တိမ်တိုက်များ ဖြစ်ပေါ်ပြီး ဒေသအချို့တွင် မိုးရွာသွန်းနိုင်
Published 22 February 2016
ဆန်းထူးအောင်

အပူချိန်မြင့်တက်မှုကြောင့် ပင်လယ်ဘက်မှ ရေငွေ့ပျံတက်ကာ တိမ်တိုက်များ ဖြစ်ပေါ်ပြီး ဒေသအချို့တွင် အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။“အယ်လ်နီညိုနှစ်တွေမှာတော့ ပုံမှန်ထက် ပိုပူတယ်။ ဒါဟာ အယ်နီညိုရဲ့ဂုဏ်သတ္တိလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံ ၁၀ နိုင်ငံမှာ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားတို့က ပင်လယ်ဝိုင်းရံထားတော့ အယ်လ်နီညိုဒဏ် သက်သာပါတယ်။ ကျန် ခုနစ်နိုင်ငံထဲမှာ မြန်မာက ပိုအခြေအနေကောင်းပါတယ်။ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာ တည်ရှိနေလို့ ဖြစ်ပါတယ်။ ဒီလိုကျယ်ဝန်းတဲ့ပင်လယ် ရှိနေခြင်းက အပူချိန်တက်လာရင် လေး ငါးရက်ကြာတာနဲ့ ပင်လယ်ဘက်က ရေငွေ့ပျံမှုများပြီး တိမ်တွေ တက်လာပါတယ်။ အဲဒီတိမ်တွေဟာ တောင်လေ၊ အနောက်တောင်လေတွေရဲ့ ပိုဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ နဲ့ မြန်မာနိုင်ငံဘက်ကို ထိုးတက်လာပြီး ပျံကျမိုး (Convective rain) ရွာချပြီး အပူဒဏ်ကို သက်သာစေပါတယ်။ အခုအဲဒီ ဖြစ်စဉ်တစ်ခု လာပါတော့မယ်”ဟု ဦးချစ်ကျော်က ပြောကြားသည်။ထို့ပြင် အိန္ဒိယသမုဒ္ဒရာထဲမှ တစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ တိမ်တန်းတစ်ခု ထိုးဝင်နေသဖြင့် အဆိုပါ တိမ်တန်းများကြောင့် ရှမ်း၊ ကချင်နှင့် ကယားပြည်နယ်တို့တွင်လည်း လေးရက်ခန့် မိုးရွာသွန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ ဒီနေ့မြေပြင်လေဖိအားစနစ်မှာ အိန္ဒိယအရှေ့ဘက် ကမ်းနားမှာ အပူချိန်မြင့်လို့ လေဖိအားကျဆင်းပြီး လေဖိအားနည်း ဆဲလ်လေးတွေ နှစ်ခုခန့် ကွဲထွက်ဖြစ်ပေါ်နေပါတယ်။ အလားတူ မိုးလေဝသဂြိုဟ်တု တိမ်ပုံတွေမှာလည်း အိန္ဒိယသမုဒ္ဒရာထဲကနေ အိန္ဒိယနိုင်ငံကိုဖြတ်ပြီး တိမ်တန်း ထိုးဝင်လာနေတာ တွေ့နိုင်ပါတယ်။ အလားတူ ရှမ်းပြည်နယ်ဘက်မှာ မြောက်ဘက်ကို ဆက်မတိုးနိုင်တဲ့ တိမ်တချို့ ပြန်ပြိုဆင်းလာနေပါတယ်။ ဒီအခြေအနေတွေကြောင့် မနက်ဖြန် ၂၂ ရက်မှ ၂၃၊ ၂၄ ရက်တွေမှာ ကချင်မြောက်စွန်းမှာ မိုးစရွာနိုင်ပါတယ်။ ၂၅၊၂၆၊ ၂၇ နဲ့ ၂၈ ရက်တွေမှာ ရှမ်းပြည်နယ်တစ်ခုလုံးနဲ့ ကယားပြည်နယ်တွေမှာ အချိန်အခါမဟုတ် ပျံကျမိုးရွာနိုင်ကြောင်း အသိပေးလိုပါတယ်။ အဲဒီဒေသတွေမှာ မိုးကြောင့် အပူဒဏ် ပြန်သက်သာသွားနိုင်ပါတယ်။ သို့သော် မိုးမကြိုက်တဲ့ ဆောင်းသီးနှံတွေအတွက်တော့ တတ်နိုင်သမျှ အလေအလွင့်နည်းအောင် လုပ်ဆောင်စေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

Most Read

Most Recent