အယ်လ်နီညို ရာသီပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဇီကာဗိုင်းရပ်စ်နှင့် သွေးလွန်တုပ်ကွေးရောဂါများ ကူးစက်နိုင်ခြေရှိ၍ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား

အယ်လ်နီညို ရာသီပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဇီကာဗိုင်းရပ်စ်နှင့် သွေးလွန်တုပ်ကွေးရောဂါများ ကူးစက်နိုင်ခြေရှိ၍ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား
Published 15 February 2016
အိသဉ္စာကျာ်

ဇီကာရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည့်အပြင် လာမည့် နွေကာလတွင် အယ်လ်နီညို ရာသီပြောင်းလဲမှုဖြစ်စဉ်ကြောင့် အပူလွန်ကဲကာ ဇီကာဗိုင်းရပ်စ်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကူးစက်ဖြစ်ပွားနိုင်ခြေရှိ၍ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။“လာမယ့် နွေရာသီကာလက အယ်လ်နီညိုရာသီကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ ရေကြီးတာ၊ အပူလွန်ကဲတာ၊ ပူပြင်းခြောက်သွေ့တာတွေကြောင့် ဇီကာနဲ့ သွေးလွန်တုပ်ကွေးတွေ ကူးစက်ဖြစ်ပွားနိုင်ခြေ ရှိနေတယ်။   မြန်မာနိုင်ငံက သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများတဲ့ နိုင်ငံတွေမှာလည်း ပါနေတယ်။ ဒါကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားပါတယ်။ ရောဂါကာကွယ်ရေးတွေ လုပ်တဲ့နေရာမှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပြင် လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်းက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတွေကို အတူတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဇီကာဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင်မိခင်များကို ကူးစက်ခံရပါက ဦးနှောက် နှင့် ဦးနှောက်သေးငယ်သည့် ကလေးငယ်များ မွေးဖွားနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန် အလွန်အရေးကြီးကြောင်း၊ ခြင်နှိမ်နှင်းရေးနှင့် ပိုးလောက်လမ်း နှိမ်နင်းရေးလုပ်ငန်းများကို လိုက်နာပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဇီကာရောဂါကူးစက်ဖြစ်ပွားသူ မတွေ့ရှိသေးသော်လည်း ရောဂါပိုး သယ်ဆောင်သည့် အေးဒီးစ်ခြင်ကျားသည် ပြည်တွင်း၌ ရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားသူ တစ်ဦးရှိခဲ့ပါက ခြင်မှတစ်ဆင့် ကူးစက်ဖြစ် ပွားနိုင်ခြေ မြင့်မားကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဇီကာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း၊ လူထုအသိပညာပေး လုပ်ငန်း၊ ခြင်ကျား နှင့် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်း၊ ပြည်သူလူထုအား ခြင်အကိုက်မခံရအောင် သင့်လျော်သော ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုရေး အသိပညာပေးနှိုးဆော် တိုက်တွန်းရန်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးဖွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများကို ပိုမိုအလေးထား အသိပညာပေးရန်၊ ရောဂါကူးစက်ဖြစ်ပွားနေသော ဒေသများတွင် Microcephaly နှင့် Guillain Barre Syndrome  ဖြစ်ပွားမှုရှိမရှိ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှုများ တွေ့ရှိပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့မျှဝေပေးရန် (သို့ရာတွင် ခရီးသွားလာခြင်းလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း ကန့်သတ်တားမြစ်ခြင်းတို့ကို မဆောင်ရွက်သင့်ကြောင်း) အကြံပြု တိုက်တွန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 

Most Read

Most Recent