ရှမ်းပြည်နယ်အတွင်း တပ်နေရာချထားရေးနှင့် နယ်မြေသတ်မှတ်ရေးများ ဆောင်ရွက်ရာတွင် ခက်ခဲမည်ဖြစ်ပြီး NCA သဘောတူညီချက်များကို လက်တွေ့ကျင့်သုံးညှိနှိုင်းမှသာ ပြဿနာများ ဖြေရှင်းနိုင်မည်ဟုဆို

ရှမ်းပြည်နယ်အတွင်း တပ်နေရာချထားရေးနှင့် နယ်မြေသတ်မှတ်ရေးများ ဆောင်ရွက်ရာတွင် ခက်ခဲမည်ဖြစ်ပြီး NCA သဘောတူညီချက်များကို လက်တွေ့ကျင့်သုံးညှိနှိုင်းမှသာ ပြဿနာများ ဖြေရှင်းနိုင်မည်ဟုဆို
Published 3 January 2016
အောင်ဇော်ထွန်း

ရှမ်းပြည်နယ်အတွင်း တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ရေးများ ဆောင်ရွက်ရာတွင် အခက်အခဲ ရှိမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်များကို လက်တွေ့ကျင့်သုံး ညှိနှိုင်းပါက ပြဿနာများ ဖြေရှင်းနိုင်မည်ဟု  NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော်အရာရှိများနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် အရပ်သားများ ပါဝင်သော ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလက အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ယခု ဇန်နဝါရီလတွင် ရှမ်းပြည်နယ်၌ ပထမဦးဆုံး ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းကော်မတီ ဖွဲ့စည်းပြီးပါက ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာတပ်များနှင့် ညှိနှိုင်းပြီး တပ်နေရာချထားရေးများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစိုင်းလက "တပ်နေရာ ချထားရေးတို့နယ်မြေသတ်မှတ်ရေးတို့က အခက်အခဲ ရှိပါလိမ့်မယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ရှမ်းပြည်နယ်က အကျယ်ပြန့်ကြီးဖြစ်တယ်။ ကျွန်တော်တို့ကလည်း မြို့နယ်တိုင်းလိုလိုမှာ ပြန့်ကြဲနေတာကို တွေ့ရတယ်။ အပစ်အခတ် ရပ်စဲရေး မပြုသေးတဲ့ အချိန်တုန်းက လက်မှတ်မထိုးရသေးတဲ့ အချိန်တုန်းကဆိုရင် ကျွန်တော်တို့ အနေနဲ့ စခန်းတွေထားရှိပြီးတော့ အသေထိုင်ထားတာ မရှိဘူး။ ပြောက်ကျားပုံသဏ္ဌာန် လှုပ်ရှားစစ်နဲ့ လှုပ်ရှားနေ ကြပါတယ်။ အရင်တုန်းကတော့ လူသိရှင်ကြားလို ပုံစံမျိုးမဟုတ်ပေ မယ့်တပ်ဖွဲ့အဖြစ်နဲ့တော့ ရှာလို့မရဘူး။ အဲဒီတော့ တိုက်ပွဲဖြစ်ဖို့ဆိုတာက ကျွန်တော်တို့ ဖန်တီးလို့ရတယ်။ မဖြစ်အောင်လည်း ဖန်တီးလို့ရတဲ့ အနေအထားမျိုးမှာ ဖြစ်နေတော့ ဒီပြန့်ကြဲနေတဲ့ ကျွန်တော်တို့အင်အားတွေ တပ်တွေကို ကျွန်တော်တို့ ဘယ်လိုနေရာ ပြန်လည်ချထားရေးတွေ လုပ်ကြမလဲ ဘယ်လိုနယ်မြေ သတ်မှတ်ရေးတွေ လုပ်ကြမလဲဆိုတာ ထပ်မံပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်တွေ အများကြီးကျန်ပါသေးတယ်လို့ မြင်ပါတယ်။ အဲဒီလိုမျိုး တိတိကျကျ သတ်မှတ်မှုတွေရှိလာတဲ့ အချိန်ကျမှသာလျှင် မလိုအပ်တဲ့ ပြဿနာတွေကို ကျွန်တော်တို့ရှောင်ရှားလို့ ရပါလိမ့်မယ်လို့မြင်ပါတယ်" ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက "အခု လက်ရှိမှာ ဒီမလိုလားတဲ့ ပြဿနာ တွေကို ရှောင်ရှားဖို့ဆိုတာ တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းက အကောင်းဆုံးဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းကို အသုံးမပြုဘဲနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အဖြေရှာကြ ဖို့ဆိုတဲ့ ဒီ NCA အရ သဘောတူချက်တွေပါရှိတဲ့ အချက်တွေ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးရင်တော့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ သုံးသပ်ပါတယ်" ဟု ပြောကြားသည်။ရှမ်းပြည်နယ်အတွင်း၌ NCA လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များလည်း ရှိနေရာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းမျိုးမရှိပါက စိုးရိမ်စရာဖြစ်ကြောင်း၊ မည်သည့်ကိစ္စမဆို တွေ့ဆုံညှိနှိုင်း အဖြေရှာပါက အဖြေရရှိမည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့အနက် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNOLO) တို့သည် ရှမ်းပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ရာ ရှမ်းပြည်နယ်၌ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးအတွက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ခိုလမ်မြို့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။PNLO မှ ဒုတိယဗိုလ်မှူးကြီး ခွန်ဇွဲထိုက "ကျွန်တော်တို့ JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ပြည်ထောင်စုအဆင့်က ရေးဆွဲထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ဒီကော်မတီတွေ ဖွဲ့စည်းပြီးရင်တော့ ပြည်နယ်အတွင်းမှာရှိတဲ့ ပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ် ကြားထဲမှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်အောင်ပေါ့ ဒါတွေပါမယ်" ဟု ပြောကြားသည်။ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီက ရေးဆွဲခဲ့သည့် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်းဆိုင်ရာ ကဏ္ဍတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ တပ်ဖွဲ့များသည် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့များ နေရာပြန်လည် ချထားခြင်းနှင့် စပ်လျဉ်း၍ နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန်၊ လက်နက်ကိုင်အဖွဲ့များ နေရာချထားရေး သတ်မှတ်ရာတွင် ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှု မဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ နှစ်ဖက်ညှိနှိုင်းဆဲနှင့် လက်နက်ကိုင်အဖွဲ့များ နေရာချထားရန် ခက်ခဲနေဆဲဒေသများတွင် နှစ်ဖက်တပ်မှူးများ ပုံမှန် အဆက်အသွယ်ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်သွားရန်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင်သာ ထားရှိရန်၊ နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှု ရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ တပ်စခန်းနှင့် နယ်မြေတစ်ခုနှင့် တစ်ခုအကြား ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအတွက် တစ်ဖက်နှင့်တစ်ဖက် သဘောတူစာချုပ်ကို အခြေခံ၍ နှစ်ဖက်ညှိနှိုင်းကြရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။ 

Most Read

Most Recent