ထားဝယ်မြို့တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိသားစုဝင်များ အိပ်ပျော်နေစဉ် ခိုးယူ၍ သားမယားပြုကျင့်မှု ဖြစ်ပွား

ထားဝယ်မြို့တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိသားစုဝင်များ အိပ်ပျော်နေစဉ် ခိုးယူ၍ သားမယားပြုကျင့်မှု ဖြစ်ပွား
Published 22 February 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက်က အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိသားစုဝင်များ အိပ်ပျော်နေစဉ် ခိုးယူ၍ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီခန့်တွင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ ဦး....မှာ နေအိမ်အောက် ကွပ်ပျစ်ပေါ်တွင် အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူ မ....၊ ညီဖြစ်သူတို့နှင့် အတူအိပ်ပြီး ကျန်ရှိသည့် မိသားစုဝင်များမှာ နေအိမ်ပေါ်ထပ်တွင် အိပ်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် သမီးဖြစ်သူက ရေဆာ၍ ရေတိုက်ပြီး ပြန်အိပ်နေခဲ့ရာ မိခင်ဖြစ်သူ အိပ်ယာမှနိုးပြီး အိမ်အောက်သို့ ဆင်းလာသောအခါ မ....အား မတွေ့ရှိရကြောင်း သိရသည်။

ထို့နောက် မိခင်ဖြစ်သူက မိသားစုဝင်များကိုနှိုး၍ လိုက်လံရှာဖွေရာ မိနစ် ၃၀ ခန့်အကြာ၌ နေအိမ်၏ တစ်အိမ်ကျော်ရှိ ခြံအတွင်း ငှက်ပျောတောတွင် မ....အား တွေ့ရှိရပြီး လူတစ်ဦး ထွက်ပြေးသွားသည်ကို သိရသဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း၊ မ....၏ မိန်းမကိုယ်မှ သွေးများ ထွက်နေသည်ကိုတွေ့ရသဖြင့် ဆေးရုံသို့ ပို့အပ်ခဲ့ရာ သားမယားအဖြစ် ပြုကျင့်ခံထားရကြောင်း သိရသောကြောင့် သမီးဖြစ်သူအား ခိုးယူ၍ သားမယားပြုကျင့်ခဲ့သူအား အရေးယူပေးရန် ဖခင်ဖြစ်သူက ထားဝယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်ဟု မှုခင်းမှတ်တမ်းအရ သိရသည်။

“လက်ရှိကတော့ တရားခံကို စုံစမ်းနေတုန်းပဲ။ တရားခံရဲ့ ပုံပန်းသဏ္ဌာန်ကို ကလေးမလေးက မမှတ်မိဘူး”ဟု ထားဝယ်မြို့မရဲ စခန်း (ယာယီ) စခန်းမှူး ဒုရဲမှူးသိန်းလွင်က ပြောကြားသည်။

လက်ရှိတွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုကို ထားဝယ်မြို့မရဲစခန်း၌ (ပ) ၄၀၈/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ထားပြီး သားမယားပြုကျင့်ခဲ့သူကို စုံစမ်းဖော်ထုတ်နေကြောင်း၊ အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးနှင့်အဖွဲ့ က သွားရောက် စစ်ဆေးပြီး အခင်းဖြစ်နေရာတွင် တွေ့ရှိခဲ့သည့် ရှူးဖိနပ်တစ်ရံနှင့် အခင်းဖြစ်စဉ်က မ.... ဝတ်ဆင်ခဲ့သည့် ဘောင်းဘီတို တစ်ထည်တို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ တရားခံကို စုံစမ်းဖော်ထုတ်နေသည်ဟု သိရသည်။

 

Most Read

Most Recent