Silicon Valley Bank နှင့် Signature Bank တို့ ပြိုလဲသွားပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က  အမေရိကန်ဘဏ်စနစ်ကို ကာကွယ်ပြောဆိုမည်

Silicon Valley Bank နှင့် Signature Bank တို့ ပြိုလဲသွားပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က  အမေရိကန်ဘဏ်စနစ်ကို ကာကွယ်ပြောဆိုမည်
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို မတ်လ ၁၀ ရက်က အိမ်ဖြူတော် တောင်ဘက်မြင်ခင်းပြင်တွင်တွေ့ရစဉ်
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို မတ်လ ၁၀ ရက်က အိမ်ဖြူတော် တောင်ဘက်မြင်ခင်းပြင်တွင်တွေ့ရစဉ်
Published 13 March 2023
Ref:Reuters, AFP          

Silicon Valley Bank နှင့် Signature Bank တို့၏ ပြိုလဲမှုများက ပိုမိုကျယ်ပြန့်သော စနစ်တကျအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်စေရန် ခြိမ်းခြောက်ခဲ့ပြီးနောက် အရေးပေါ်အစီအမံများ ဆက်တိုက်ချမှတ်ခြင်းဖြင့် အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းထိန်းသိမ်းသူများ ကြားဝင်ဆောင်ရွက်ပေးရသည့် ဘဏ်လုပ်ငန်းအကျပ်အတည်းနှင့်စပ်လျဉ်းသည့် မိန့်ခွန်းကို မတ်လ ၁၃ ရက်တွင် သမ္မတဂျိုးဘိုင်ဒင် ပြောကြားမည်ဖြစ်သည်။

၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးမားဆုံးအမေရိကန်ဘဏ်ရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်ကြီးများ၏ စည်းမျဉ်းစည်းကမ်းအသစ်ကို မတ်လ ၁၂ ရက်တွင် ဂျိုးဘိုင်ဒင်က အရိပ်အမြွက်ပြောကြားခဲ့သည်ဆိုသော်လည်း သဘောထားကွဲနေသောကွန်ဂရက်က ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြုဖွယ်မရှိသည့်အနေအထားကို ရင်ဆိုင်နေရသည်။

သမ္မတဘိုင်ဒင်၏ စီးပွားရေးအဖွဲ့သည် အစီအမံများနှင့်စပ်လျဉ်း၍ သီတင်းပတ်ကုန်တုန်းက ဘဏ္ဍာရေးထိန်းသိမ်းကွပ်ကဲသော အဖွဲ့အစည်းအများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအစီအမံများထဲတွင် ဘဏ်နှစ်ခုစလုံးရှိ အပ်ငွေများကို အာမခံရေးဆိုသည့် အချက်ပါဝင်သည်။ ထို့အပြင် အရေးပေါ်ရန်ပုံငွေများကို ဘဏ်များရရှိရေးအတွက် ပံ့ပိုးမှုအသစ်ဖန်တီးခြင်း၊ ဘဏ်များအနေဖြင့် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေများထဲမှ ချေးငွေရယူရန် ပိုမိုလွယ်ကူစေမည့် အစီအမံလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါအစီအမံများက Silicon Valley တွင် အများအပြား သက်သာရာရစေပြီး ကြိုရောင်းရှယ်ယာများကို ရုတ်တရက် စျေးထိုးတက်စေခဲ့သည်ဆိုသော်လည်း ဘဏ်လုပ်ငန်းအကျပ်အတည်းက အမေရိကန်ဘဏ္ဍာရေးစနစ်အပေါ်ယုံကြည်မှုကို စမ်းသပ်လျက်ရှိပြီး ဆိုးရွားသောအကျိုးဆက်များက ယခုသီတင်းပတ်တွင် ကမ္ဘာလုံးဆိုင် ရာစျေးကွက်များကို ကမောက်ကမဖြစ်စေမည်ဟူ သောစိုးရိမ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

“အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်လုပ်ငန်းတွေအနေနဲ့ အပ်ငွေတွေလိုအပ်တဲ့အခါ သူတို့ရဲ့ဘဏ်အပ်ငွေတွေရှိနေမယ်ဆိုတာ ယုံကြည်ထားနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် သမ္မတဂျိုးဘိုင်ဒင်က ဖော်ပြသည်။

လွန်ခဲ့သောသီတင်းပတ်တွင် Silicon Valley Bank (SVB) ဘဏ် ရုတ်တရက်ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းဖြစ်ပေါ်ဆဲတွင် စီးပွားရေးကို ပုံမှန်ထိန်းသိမ်းထားရန် နောက်ထပ်အစီအမံများနှင့်စပ်လျဉ်း၍ မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ဘိုင်ဒင်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ယခုအကျပ်အတည်းအတွက် တာဝန်ရှိသူများ အပြည့်အဝတာဝန်ခံစေရန် ဆောင်မည်ဖြစ်ကြောင်း၊ ဤလိုအနေအထား ထပ်မံမဖြစ်ပေါ်စေရန် ဘဏ်ကြီးများ၏စည်းမျဉ်းစည်းကမ်းများကို ကြီးကြပ်ရေးအတွက် မိမိတို့ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ဆက်လက်ဖော်ပြထားသည်။

မတ်လ ၁၀ ရက်တွင် အမေရိကန်ဘဏ်ရှယ်ယာများ စျေးထိုးကျခဲ့သည်။ HSBC၊ အမျိုးသားသြစတြေးလျဘဏ်၊ မစ်ဆူဘီရှီ UFJ ဘဏ္ဍာရေး အုပ်စုတို့နှင့်အတူ မတ်လ ၁၃ ရက်တွင် အာရှဘဏ်များသည် အရှုံးပေါ်ခဲ့ပြီး ဆစ်ဒနီ၊ ဆိုးလ်၊ စင်ကာပူ၊ တိုင်ပေ၊ ဝယ်လင်တန်၊ မနီလာ၊ ဂျာကာတာတို့ရှိ အီကွီတီစျေးကွက်များ အရှုံးပြခဲ့သည်။

 

Most Read

Most Recent