အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ် သည် အခိုင်အမာ ခံစစ်ပြင်ဆင်ထားသည့် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်သို့ သွားရောက်ရန်အတွက် စက်တင်ဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
အမေရိကန်ဒုသမ္မတ၏ ခရီးစဉ်သည် တောင်ကိုရီးယားနှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် ခရီးစဉ်လည်းဖြစ်သည်။
ယခုနှစ်အတွင်း လက်နက်စမ်းသပ်မှုများကို စံချိန်တင် အရေအတွက်အထိ ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားသည် ဟဲရစ်စ်၏ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် တားမြစ်ခံ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၈ ရက်ကလည်း ၎င်း၏ အရှေ့ဘက်ကမ်းခြေမှ တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့်မတွေ့ဆုံမီတွင် အမေရိကန်ဒုသမ္မတ ဟဲရစ်စ်က နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေးသည် ကိုရီးယားကျွန်းဆွယ်၏ လုံခြုံမှုနှင့် သာယာဝပြောမှုအတွက် အခရာကျကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့နှစ်နိုင်ငံရဲ့ မဟာမိတ်ဆက်ဆံရေးကို အားသစ်လောင်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားဖြည့်ဆောင်ရွက်သွားဖို့ ကျွန်မဒီကိုရောက်လာခဲ့တာပါ” ဟုလည်း ၎င်းကဆိုသည်။
မြောက်ကိုရီးယား၏ အန္တရာယ်မှ အကာအကွယ်ပေးရန်အတွက် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့်ကို တပ်ဖြန့်ချထားသည့်အပြင် ၎င်းမဟာမိတ် နှစ်နိုင်ငံသည် မြောက်ကိုရီးယားကို အင်အားပြသသည့်အနေဖြင့် ယခုသီတင်းပတ်ထဲတွင် အကြီးစား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်သို့ အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ် သွားရောက်ခြင်းသည် မြောက်ကိုရီးယားကို အမျက်ဒေါသထွက်စေမည်ဖြစ်သည်။ မြောက်ကိုရီးယားက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ဖျက်ဆီးသူဖြစ်သည် ဟုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
ဟဲရစ်စ်သည် လုပ်ကြံခံရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားကို တက်ရောက်ရန်အတွက် ဂျပန်သို့သွားရောက်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဟဲရစ်စ်နှင့် တောင်ကိုရီးယားသမ္မတယွန်းတို့သည် စက်တင်ဘာ ၂၉ ရက် အစောပိုင်းက ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယား၏ ရန်လိုသော နျူကလီးယားခြိမ်းခြောက်မှုများနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့ကာ ကိုရီးယားကျွန်းဆွယ်၌ အလုံးစုံနျူကလီးယား ကင်းစင်ရေး ဘုံရည်မှန်းချက်ကိုလည်း ၎င်းတို့နှစ်ဦးက ထပ်လောင်းအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ုခဲ့သည်။
“အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ ရန်စမှုတွေကို ဂျပန်နိုင်ငံနဲ့အတူ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး အပါအဝင် တုံ့ပြန်ရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်” ဟုလည်း အိမ်ဖြူတော်က ဆိုသည်။ အမေရိကန်က မဟာမိတ်တောင်ကိုရီးယားကို အကာအကွယ်ပေးမည့် ကတိကဝတ်ကိုလည်း ဟဲရစ်စ်က ထပ်လောင်းအတည်ပြုခဲ့သည်။














