COVID-19 ရောဂါကြောင့် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ထားရသည့်အတွက် တရုတ်နိုင်ငံ၏ သုံးရက်ကြာဆောင်းဦးအလယ်ပွဲတော်အားလပ်ရက် ကာလအတွင်း ခရီးသွားလာမှုများ လျော့ကျသွားပြီး ခရီးသွားလုပ်ငန်းကဏ္ဍ၌ ဝင်ငွေကျဆင်းသွားကြောင်း တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။
စက်တင်ဘာ ၁၂ ရက်တွင် ပြီးဆုံးခဲ့သည့် အားလပ်ရက်ကာလအတွင်း ခရီးသွားလာမှု အရေအတွက်သည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ခရီးသွားလာမှုပေါင်း ၇၃.၄ သန်း ရှိခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည်လည်း ၂၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယွမ် ၂၈.၆၈ ဘီလျံ (ဒေါ်လာ ၄.၁၄ ဘီလျံ) ရှိခဲ့ကြောင်းလည်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
တရုတ်သည် အလွန်ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိကာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် အဆင့်အသီးသီးရှိသည့် လော့ဒေါင်းချမှုများကို လုပ်ဆောင်ခဲ့ပြီး လိုအပ်ပါက ကန့်သတ်ပိတ်ပင်မှုများလည်း ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းတွင် မြို့ခံများသည် အလုပ်ခွင်များသို့ ပြန်လည်ဝင်ရောက်နေပြီ ဖြစ်သော်လည်း ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း ဆေးစစ်ချက်ကို ပြသရန်လိုအပ်မည်ဖြစ်သည်။
လာမည့်လထဲတွင် ကျရောက်မည့် သီတင်းတစ်ပတ်ကြာ အမျိုးသားနေ့ အားလပ်ရက်နှင့် အောက်တိုဘာလလယ်တွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမတိုင်မီတွင် အရေးတကြီး ကိစ္စမရှိဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန် အာဏာပိုင်များက ပြည်သူများကို တိုက်တွန်းထားသည်။
“အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကြာမြင့်မည့်အမျိုးသားနေ့ Golden Week အားလပ်ရက်အပါအဝင် လာမယ့်လပိုင်းအတွင်း မိသားစုလိုက် ခရီးသွားလာခြင်းအပြင် ခရီးသွားလုပ်ငန်းနဲ့ လက်လီရောင်းအားအပေါ်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဂျပန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းတစ်ခုဖြစ်သည့် နိုမူရက သုံးသပ်ခဲ့သည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများ အကျဘက်ကို ဦးတည်နေသည့်အတွက် ဂျီဒီပီတိုးတက်မှု ခန့်မှန်းချက်ကိုလည်း ထပ်မံလျှော့ချရမည်ဖြစ်ကြောင်းလည်း ၎င်းဘဏ်က ဆိုသည်။
အသွားအလာအလွန်များပြားသည့် ဆောင်းဦးအလယ်ပွဲတော် အားလပ်ရက်ကာလအတွင်း မိသားစုများ ပြန်လည်တွေ့ဆုံလေ့ရှိသည်။ ယခုနှစ် အားလပ်ရက်ကာလအတွင်း ကုန်းလမ်းမှတစ်ဆင့် ခရီးသွားလာမှုများသည် ၃၇ ရာခိုင်နှုန်းကျဆင်းကာ ၄၈.၂ သန်းရှိခဲ့ပြီး သင်္ဘောဖြင့် ခရီးသွားလာမှုများသည်လည်း ၁၅ ရာခိုင်နှုန်းကျဆင်းကာ ၁.၅ သန်းကျော်ရှိခဲ့သည့်ဟု နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။
တရုတ်ပြည်တွင်း၌ပင် လေကြောင်းမှ ခရီးသွားလာမှုပေါင်း ၁.၃ သန်းနီးပါးရှိခဲ့ပြီး ယမန်နှစ် အားလပ်ရက်ကာလနှင့်နှိုင်းယှဉ်ပါ က ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။ စားသုံးမှုများ ပြန်လည်မြင့်တက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်လျက် နိုင်င့ံစီးပွားရေးကို တည်ငြိမ်အောင် ထိန်းမတ်ပေးရန်အတွက် မူဝါဒများကို အဆင့်လိုက်ချမှတ်သွားမည်ဟု ဝန်ကြီးချုပ်လီခယ်ကျင်းကဆိုသည်။














