တောင်ကိုရီးယားရှိ ဆေးရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် ၃၃ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယားရှိ ဆေးရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် ၃၃ ဦးထက်မနည်း သေဆုံး
Published 26 January 2018

Photo : AFP

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၂၆ ရက်နေ့က ဆေးရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိသွားခဲ့ကြောင်း မီးသတ်သမားများက ထုတ်ဖော်ပြောကြား ခဲ့သည်။

အာရှ၏ စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး စက်မှုဖွံ့ဖြိုးသည့် တောင်ကိုရီးယားနိုင်ငံတွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြင်းထန်သော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မာရန်းရှိ ဆေးရုံးအပေါ်တွင် လူနာတစ်ဦးသည် ရဟတ်ယာဉ်မှ ချပေးသောကြိုးကို တွဲလွဲခိုနေပုံနှင့် အခြားလူနာ တစ်ဦးက ပြတင်းပေါက်က တွားဆင်းကာ လှေကားမှနေ ဆင်းနေပုံကို လူမူမီဒီယာတွင် တင်ထားသော ဗီဒီယို၌ မြင်တွေ့ခဲ့ရသည်။

ခြောက်ထပ်ရှိသော အဆိုပါ အဆောက်အအုံသည် ဆေးရုံတစ်ခုလည်းဖြစ်ကာ ဘိုးဘွားရိပ်သာလည်း ဖြစ်သည်။

၃၃ ဦးသေဆုံးသွားခဲ့ပြီး ၁၃ ဦးသည် ပြင်းထန်စွာ ဒဏ်ရရှိခဲ့သည်ဟု အမျိုးသား မီးသတ်အေဂျင်စီက ပြောကြားခဲ့သည်။

အခြား ၆၁ ဦးသည် အသေးအဖွဲဒဏ်ရာများ ရရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရ အမျိုးသားတစ်ဦးက ပြောကြားခဲ့ပြီး သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက် လာနိုင်သည်ဟုလည်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

Photo : AFP

“အရေးပေါ်ခန်းထဲကနေ မီးတွေရုတ်တရုတ် ထလောင်တာကို မြင်တယ်လို့ သူနာပြုနှစ်ယောက်က ပြောပါတယ်” ဟု မီးသတ်ဌာန အကြီးအကဲ ချွိုင်မန်ဝူးက ပြောကြားခဲ့သော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရသေး ဟုဆိုသည်။

လူနာအားလုံးကို သယ်ထုတ်ခဲ့ရသည်ဟု သူကပြောကြားခဲ့ပြီး တတိယအလွှာရှိ အရေးပေါ်ခန်းထဲ လူနာ ၁၅ ဦးကို နေရာရွေ့ပေးရာတွင်မူ အချိန်ပိုကြာခဲ့ကြောင်း၊ ဆေးဘက်ဝန်ထမ်းများက အရေးပေါ်လူနာများ ရွေ့ပြောင်းရေးကို ကြီးကြပ်ဆောင်ရွက် ပေးခဲ့သည်ကို မီးသတ်သမားများက စောင့်ဆိုင်းပေးခဲ့ရသဖြင့် အချိန်ပိုကြာသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ပွားချိန်တွင် ဆေဂျောင်ဆေးရုံ၌ လူ၂၀၀ ဝန်းကျင် ရှိနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်းသည် တုံ့ပြန်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးရန် အကြံပေးများနှင့်အတူ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။

ဂျေချောင်းမြို့ရှိ ကျန်းမာရေး လေ့ကျင်မှုကလပ်တွင် လူ ၂၉ ဦး သေဆုံးစေခဲ့သည့် မီးလောင်မှုဖြစ်ပွားအပြီး တစ်လခန့် အကြာတွင် ယခုဆေးရုံ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent