ရုရှားနှင့် ဘီလာရုစ်ယာဉ်မောင်းသမားများကို FIA ယှဉ်ပြိုင်ခွင့် ပြုသော်လည်း ဗြိတိန်တွင် ပြုလုပ်မည့် ပြိုင်ပွဲများတွင်မူ ပိတ်ပင်ခံရ

ရုရှားနှင့် ဘီလာရုစ်ယာဉ်မောင်းသမားများကို FIA ယှဉ်ပြိုင်ခွင့် ပြုသော်လည်း ဗြိတိန်တွင် ပြုလုပ်မည့် ပြိုင်ပွဲများတွင်မူ ပိတ်ပင်ခံရ
Photo: FIA
Photo: FIA
Published 3 March 2022

ကမ္ဘာ့စက်တပ်ယာဉ်ပြိုင်ပွဲအဖွဲ့ချုပ်(FIA) က ရုရှားနှင့် ဘီလာရုစ်ယာဉ်မောင်းသမားများကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပြုမည်ဟု  အတည်ပြုခဲ့သော်လည်း Motorsport UK ကမူ ဗြိတိန်တွင်ကျင်းပသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

FIA အနေဖြင့် ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ကျူးကျော်စစ်ဆင်နွှဲမှုအား ပြင်းထန်စွာရှုတ်ချကြောင်း ဥက္ကဋ္ဌဖြစ်သူ မိုဟာမက်ဘင်ဆူလေယမ်းက ပြောကြားခဲ့သည်။

ထို့ပြင် FIA က ယခုနှစ်ပြိုင်ပွဲရာသီတွင် ပါဝင်သည့် ရုရှားဂရင်းပရီဖော်မြူလာဝမ်းပွဲစဉ်အား ဖျက်သိမ်းကြောင်းလည်း အတည်ပြုခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)၏အကြံပြုချက်များနှင့်အညီ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း FIA က ပြော ကြားခဲ့သည်။

သို့သော် IOC သည် ရုရှားနှင့် ဘီလာရုစ်အားကစားသမားများကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်မှုမှ တားမြစ်ပိတ်ပင်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က အတိအလင်း ကြေညာခဲ့သည်။

''FIFA၊ ITF နဲ့ UCI စတဲ့ အားကစားအဖွဲ့အစည်းတွေလိုပဲ ကျွန်တော်တို့ နိုင်ငံအသင်းတွေကိုပဲ ပိတ်ပင်ခဲ့ပြီး ပြည်ပအသင်းတွေမှာရှိနေတဲ့ အားကစားသမားတွေကိုတော့ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ကို တားမြစ်သွားမှာ မဟုတ်ပါဘူး''ဟု FIA ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားဖော်မြူလာဝမ်းကားမောင်းသမားဟောင်း ခီဗီယတ်ကမူ ရုရှားအားကစားသမားများကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ခြင်းသည် မမျှတသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး အားကစားသည် နိုင်ငံရေးနှင့်အပြင်ဘက်တွင်သာ ရှိနေသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ဗြိတိန် Motorsport အာဏာပိုင်အဖွဲ့ဖြစ်သည့် Motorsport UK ကမူ ဗြိတိန်တွင် ကျင်းပသည့် ပြိုင်ပွဲများတွင် ရုရှားယာဉ်မောင်းသမားများကို ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဟု အတိအလင်းကြေညာခဲ့သည်။

Motorsport UK အနေဖြင့် ရုရှားဖက်ဒရေးရှင်းမှ ပြိုင်ပွဲဝင်များကို ပြိုင်ပွဲလိုင်စင် ထုတ်ပေးရန် ငြင်းဆန်သွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် Haas ဖော်မြူလာဝမ်းအသင်းမှ ရုရှားကားမောင်းသမား မာဇယ်ပင်သည် ဇူလိုင်လတွင် ကျင်းပမည့် ဗြိတိန်ဂရင်းပရီတွင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။

မာဇယ်ပင်၏ဖခင်ဖြစ်သူ ဒီမီထရီသည် Haas အသင်းအား ဘဏ္ဍာရေးပိုင်းထောက်ပံ့မှုပေးထားပြီး ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သူတစ်ဦးလည်းဖြစ်သည်။ 

Most Read

Most Recent