တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည့် မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြု

တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည့် မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြု
Photo: MFF
Photo: MFF
Published 28 February 2022

အာရှဘောလုံးအဖွဲ ့ချုပ်(AFC) သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအဖြစ် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည့် မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းနှင့် တရုတ်တိုင်ပေ ယူ-၂၃ အသင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က  ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအဖြစ် ကာဂျစ္စတန်နိုင်ငံ ဘစ်ကက်ရှ်မြို ့တွင် ယှဉ်ပြိုင်ကစားခဲ့သည်။

ယင်းပွဲတွင် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သဖြင့် ပွဲချိန်အတွင်း စောဒကတက်မှုများရှိခဲ့ပြီး ပွဲချိန် (၇၂)မိနစ်တွင် အနီကတ်ပြသခံရကာ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

ပိုပေါ့ဗ် ကွင်းအတွင်းမှ ထုတ်ပယ်ခံရသဖြင့် လက်ထောက်နည်းပြဖြစ်သူ ဦးဇော်ဝင်းထွန်းက လက်ကျန်မိနစ်များတွင် ကွင်းဘေးမှ တာဝန်ယူကြီးကြပ်ခဲ့ရကြောင်း သိရသည်။

ယင်းပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် ပွဲကစားချိန် (၈၀) မိနစ်၌ ကောင်းမြတ်သူ သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် တရုတ်တိုင်ပေအသင်းကို အနိုင်ရခဲ့သည်။

မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယင်းပွဲတွင် ကွင်းအတွင်းမှ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသောကြောင့် ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲကို ကွင်းအတွင်းမှ ကြီးကြပ်ခွင့်မရခဲ့ကြောင်း သိရသည်။

မြန်မာယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အုပ်စုတွင်း၌ ဗီယက်နမ်၊ တရုတ်တိုင်ပေအသင်းတို ့နှင့် ကျရောက်ခဲ့ခြင်းဖြစ်ပြီး သုံးသင်းပတ်လည် တစ်ကျော့သာ ယှဉ်ပြိုင်ကစားပြီးနောက် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် ခြေစစ်ပွဲမအောင်မြင်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ ့ချုပ် (AFC) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာကော်မတီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမှနေ၍  မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ကို နောက်ဆက်တွဲ အရေးယူမည်ပြစ်ဒဏ်များမှ ကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ကွင်းအတွင်းမှ အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။

Most Read

Most Recent