တရုတ်အစိုးရက ဗီယက်နမ်နယ်စပ်အနီးရှိ ဒေသခံ ၃.၅ သန်း နေထိုင်သည့်မြို့ကို Lockdown ချမှတ်

တရုတ်အစိုးရက ဗီယက်နမ်နယ်စပ်အနီးရှိ ဒေသခံ ၃.၅ သန်း နေထိုင်သည့်မြို့ကို Lockdown ချမှတ်
ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံ ဟွာရှီအန်းကောင်တီတွင် ဒေသခံများအား COVID-19 စစ်ဆေးရန် အာခေါင်တို့ဖတ် ရယူနေစဉ်
ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံ ဟွာရှီအန်းကောင်တီတွင် ဒေသခံများအား COVID-19 စစ်ဆေးရန် အာခေါင်တို့ဖတ် ရယူနေစဉ်
Published 7 February 2022
Ref: AFP

တရုတ်နိုင်ငံ၏ ဗီယက်နမ်နယ်စပ်အနီးတွင်ရှိသော ဒေသခံ ၃.၅ သန်းနေထိုင်သည့် မြို့တစ်မြို့တွင် လွန်ခဲ့သည့် သုံးရက်ကျော်က  COVID-19 ကူးစက်ခံရသူ ၇၀ ကျော်ကို တွေ့ရှိခဲ့ပြီးနောက် ယင်းမြို့ကို ဖေဖော်ဝါရီ ၇ ရက်တွင် Lockdown ချမှတ်ခဲ့သည်။

COVID-19 ကင်းစင်ရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည့် ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံတွင် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများ လက်ခံကျင်းပနေသောကြောင့် မည်သည့်ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်မဆို သတိပေးချက်အမြင့်ဆုံး ထုတ်ပြန်ထားသည်။

နိုင်ငံတောင်ပိုင်း ဂွမ်ရှီဒေသ ဘေ့စ်မြို့ရှိ ဒေသတွင်းတာဝန်ရှိသူများက မြို့တွင်းမှ တစ်ဦးတစ်ယောက်မှ ထွက်ခွာခွင့်ပြုသွားမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေသရှိ မြို့ခံများကို ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်ရမည်ဟု ထုတ်ပြန်ထားသည်။

“မြို့တစ်ဝန်း ယာဉ်ကြောထိန်းချုပ်မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယမြို့တော်ဝန် ဂူဂျွန်ယန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“စည်းမျဉ်းအရ မော်တော်ယာဉ်တွေနဲ့ ဒေသခံတွေကို မြို့ထဲဝင်ခွင့် ဒါမှမဟုတ် ထွက်ခွင့် မပြုတဲ့အပြင် မလိုအပ်ဘဲ သွားလာတာတွေကို ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဘေ့စ်၏စီရင်ပိုင်ခွင့်အောက်ရှိ ကောင်တီများနှင့် ကျေးလက်မြို့ငယ်လေးများရှိ ဒေသခံများကို တင်းကျပ်သော နေအိမ်တွင်သာ နေထိုင်ရန်အမိန့်ထုတ်ပြန်ထားပြီး အခြားဒေသများတွင် ခရိုင်တွင်းမှ မထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်ဟုလည်း ဂူက ထပ်မံပြောကြားခဲ့သည်။

ဗီယက်နမ်နယ်စပ်မှ ၆၂ မိုင်အကွာရှိ ဘေ့စ်မြို့တွင် သီတင်းတစ်ပတ်ကြာမြင့်သည့် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် နေအိမ်ကို ပြန်လာခဲ့သည့် ခရီးသွားတစ်ဦးမှ ပထမဆုံးဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ရှိခဲ့သည်။

ကပ်ရာဂါစတင်ဖြစ်ပွားချိန်ကတည်းက တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မဝင်ရောက်နိုင်စေရန် ၎င်း၏တောင်ပိုင်းနယ်စပ်တစ်လျှောက်ခြံစည်းရိုးများတွင် ၀ိုင်ယာကြိုးအကာအရံကြီးများကို တည်ဆောက်ခဲ့သည်။

ဒေသခံများကို COVID-19 ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုကြီးများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပထမဆုံး စတင်ပေါ်ပေါက်လာချိန်ကတည်းက တရုတ်သည် တင်းကျပ်သော Lockdown များ၊ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုကြီးများနှင့် ထိတွေ့ကူးစက်မှု ခြေရာခံသည့် applications များအသုံးပြု၍ ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည့်အတွက် တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုဖြစ်စဉ်သည် အခြားနိုင်ငံများထက်များစွာ လျော့နည်းခဲ့သည်။

ဒယ်တာနှင့် အိုမီခရွန်မျိုးကွဲဗိုုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်များ တွေ့ရှိခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲကာလအတွင်း နိုင်ငံတစ်ဝန်းရှိမြို့ အများအပြားမှသန်းနှင့်ချီသည့်ဒေသခံများကို နေအိမ်တွင် နေထိုင်မိန့်ချမှတ်ထားသည်။

 

 

Most Read

Most Recent