၂၀၂၂ အစောပိုင်းတွင် မိမိပါဝင်သော MMA ပွဲစဉ်အား စောင့်မျှော်နေကြရန် အောင်လအန်ဆန် တိုက်တွန်း

၂၀၂၂ အစောပိုင်းတွင် မိမိပါဝင်သော MMA ပွဲစဉ်အား စောင့်မျှော်နေကြရန် အောင်လအန်ဆန် တိုက်တွန်း
Photo: onefc
Photo: onefc
Published 2 January 2022

 

One Championship နှင့်စာချုပ်သက် တမ်းကျန်ရှိနေသေးသည့် အောင်လအန်ဆန် က ၂၀၂၂ အစောပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်ရန်ရှိနေသော မိမိ၏ MMA ပွဲစဉ်အား စောင့်မျှော်နေကြရန် ပရိသတ်များကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

အောင်လအန်ဆန်က  "၂၀၂၂ အစောပိုင်းမှာ ကျွန်တော့်ရဲ့MMA ပွဲစဉ် ရှိပါတယ်။ အဲဒီပွဲစဉ်အတွက် သတင်းကောင်းကို စောင့်မျှော်နေကြဖို့ တိုက်တွန်းလိုပါတယ်။ လုပ်စရာတွေ၊ ရည်မှန်းချက်တွေအများကြီးထဲကမှ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်ယူဖို့ ပစ်မှတ်ထားထားပါတယ်"ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။

လက်ရှိတွင် အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုနှင့်ပတ်သက်ပြီး သတင်းများစွာ ထွက်ပေါ်လျက်ရှိသော်လည်း အဆိုပါပွဲစဉ်နှင့်ပတ်သက်ပြီး ONE ဘက်မှ တရားဝင်ထုတ်ပြန်မှုတစ်ခုမှ မရှိသေးကြောင်း သိရသည်။ ONE CEO ချက်ထရီအနေဖြင့် မူလက ယခုဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ONE-X  ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်ချန်ပီယံစိန်ခေါ်ပွဲကို ထည့်သွင်းနိုင်ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောဆိုမှုများရှိခဲ့သော်လည်း အဆိုပါပွဲစဉ်ကို ၂၀၂၂ အစောပိုင်းကာလသို့ ပြောင်းရွှေ့ခဲ့သောကြောင့် အောင်လအန်ဆန်၏ ပွဲစဉ်အခြေအနေမှာလည်း အတိအကျသတင်းထုတ်ပြန်သည့်အဆင့်သို့ ရောက်မလာခဲ့သေးခြင်းဖြစ်ကြောင်း သိရသည်။

One Championship ၏လက်ရှိအခြေအနေများအရ ONE-X ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲကို ထည့်သွင်းလာဖွယ်ရှိနေကြောင်း ဖော်ပြမှုများရှိနေသော်လည်း အဆိုပါပွဲစဉ်မတိုင်မီ တစ်ပွဲထပ်မံထိုးသတ် ရဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၀ နှင့်၂၀၂၁ ခုနှစ်များတွင် ONE မစ်ဒယ် ၀ိတ်တန်းနှင့် ONE လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်နှစ်ခုစလုံးကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်လိုသည့် MMA ဖိုက်တာများထပ်မံ ပေါ်ပေါက်လာခဲ့ပြီး ဝယ်လ်တာဝိတ်တန်းမှ အာဘာဆော့ဗ်၊ မစ်ဒယ်ဝိတ်တန်းမှ ယူရှင်အိုကာမီနှင့် ဗစ်တာလီဘစ်ရှ်ဒက်တို့က အတိအလင်းစိန်ခေါ်ထားကြောင်း သိရသည်။

လက်ရှိတွင် အောင်လအန်ဆန်အနေဖြင့် ဒီရစ်ဒါနှင့် Rematch ပြန်ရရန် မသေချာသေးကြောင်း သတင်းများထွက်ပေါ်နေခဲ့သော်လည်း နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် ONE-X ပြိုင်ပွဲတွင်မူ မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲကို ထည့်သွင်းသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ 

Most Read

Most Recent