၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍ မရဘဲ ခေတ်ကာလနှင့်ညီညွတ်မှုမရှိသော အကြောင်းအရာများကို ပြင်ဆင်ရန်လက်ခံကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အောက်တိုဘာ ၁ ရက် တောင်ကြီးမြိုရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေဆုံအမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် အမှားခံ၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ များစွာမှားယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီကာလများတွင် မိမိအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ်မှုနှင့်မျှတမှုရှိစေရေး အတွက် အသိပေးမှုများ မကြာခဏပြုလုပ်ခဲ့ကြောင်း၊ NLD ပါတီအနေဖြင့်မဲဆွယ် စည်းရုံးမှုများဆောင်ရွက်ချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါအား အကြောင်းပြု၍ မဲဆွယ်မှုများအား မျှတမှုမရှိအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ကြိုတင်မဲပေးချိန်တွင်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်၍ ဖြေရှင်းရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းခဲ့မှုမရှိသဖြင့် ယခုအခြေအနေမျိုးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မိမိတို့နိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍ မရကြောင်း၊ ခေတ်ကာလနှင့်ညီညွတ်မှုမရှိသော အကြောင်းအရာများအား ပြင်ဆင်ရန်အတွက် မိမိတို့အနေဖြင့်လက်ခံကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများစုပေါင်းနေထိုင်သည့်ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည် မှာ အများစု၏သဘောဆန္ဒဖြင့် ဥပဒေနှင့်အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမည်ဖြစ်သော်လည်း လူညီလျှင်ဤကိုကျွဲဖတ်သည်ဆိုသည့်လုပ်ရပ်မျိုး ဆောင်ရွက်၍မရကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေကျင့်သုံးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။















