မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ဆေးဝါးနှင့် စားသောက်ကုန်များအပြင် တခြားသော ဈေးဆိုင်ခန်းများအား အောက်တိုဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ကြောင်း သိရသည်။
“ကျွန်တော်တို့မွန်ပြည်နယ်အတွင်းမှာ Stay at Home အဖြစ် မသတ်မှတ်ထားတဲ့မြို့တွေမှာ ရှိတဲ့ စည်ပင်သာယာဈေးတွေမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေရောင်းချနေတဲ့ ဈေးဆိုင်တွေအပြင် ကျန်တဲ့ အထည်ဆိုင်တို့၊ တခြားလူသုံးကုန်ပစ္စည်းတွေရောင်းချတဲ့ ဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပြုလိုက်ပါတယ်” ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွန်ကြားရေးမှူး ဦးတင်ကိုကို က ပြောကြားသည်။
Stay at Home သတ်မှတ်ထားသည့် မြို့နယ်များရှိ စည်ပင်သာယာဈေးများမှ သက်ဆိုင်ရာ ဈေးကော်မတီများကလည်း ဆေးဝါးနှင့် စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်ခန်းများ အပြင် တခြားသော ပစ္စည်းများရောင်းချသည့် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုပေးပါရန် တင်ပြတောင်းခံထားသော်လည်း Stay at Home အစီအစဉ်အားပယ်ဖျက်ပြီးမှသာ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ရှိသည့်အတွက်၊ ပြန်လည်ဖြေလျော့ပေးနိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးတင်ကိုကို က ဆိုသည်။
“COVID-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှာက Stay at Home အစီအစဉ် သတ်မှတ်ထားတဲ့ မြို့တွေက ဈေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေကိုဘဲ ဖွင့်လှစ်ခွင့်ပြုဖို့သတ်မှတ်ထားတဲ့ အဲ့ဒီ Stay at Home အစီအစဉ် ပြန်ဖြုတ်နိုင်မှဘဲ ပြည်နယ်အတွင်းမှာရှိတဲ့ စည်ပင်သာယာဈေးတွေက ဈေးဆိုင်ခန်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးတင်ကိုကို က ပြောကြားသည်။
ဈေးဆိုင်ခန်းများအားလုံး ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုထားသော်လည်း COVID-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ဈေးရောင်းချသူနှင့် ဈေးဝယ်လာသူများ လိုက်နာရမည့် စည်းကမ်းချက်များ အတိုင်းသာ ဆိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးတင်ကိုကို ကဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ (၈) က မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် သထုံမြို့နယ်၊ ဩဂုတ်လ (၃) ရက်က ဘီးလင်းမြို့နယ် နှင့် ဩဂုတ်လ (၂၄) ရက်က ချောင်းဆုံမြို့နယ်တို့အား ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အစီအစဉ်အား သတ်မှတ်ခဲ့သည်။
ထို့အပြင် မွန်ပြည်နယ်အတွင်း Covid – 19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကူးစက်ဖြစ်ပွားမှုနှုန်းများပြားနေသည့်အတွက် ဇူလိုင်လ (၅) ရက်မှစတင်ကာ စည်ပင်သာယာဈေးများ၌ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခွင့်ပြုခဲ့ပြီး ကျန်ဈေးဆိုင်ခန်းများအား ပိတ်သိမ်းထားရန် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ညွန်ကြားချက်ထုတ်ပြန်ထားခဲ့သည်။
“ဆိုင်ပြန်ဖွင့်လို့ရပြီးဆိုတာကို မနေ့ (စက်တင်ဘာလ (၃၀) ရက်) ညမှသိရတယ်။ ခါတိုင်းက ဈေးရှေ့တံခါးကြီးပိတ်ထားတယ်လေ။ ဈေးထဲမှာတော့ ဆေးဆိုင်နဲ့ စားသောက်ကုန်ဆိုင်တွေဘဲ ဖွင့်ခွင့်ပြုထားတယ်။ ဒီနေ့(အောက်တိုဘာလ (၁) ရက်) မှာတော့ ဈေးရှေ့တံခါးကြီးလည်းဖွင့်ပေးထားတယ်။ ဆိုင်ခန်းအတော်များများလည်း ပြန်ဖွင့်ဖို့လုပ်နေကြတာလည်း တွေ့ရပါတယ်” ဟု မုဒုံမြို့ ရွှေဟင်္သာဈေး မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဓါတ်ခွဲအတည်ပြုလူနာ (၆၆၄၅) ဦးရှိခဲ့ကာ၊ (၄၆၆) ဦးသေဆုံးခဲ့ပြီး၊ ဩဂုတ်လအတွင်းက ဓါတ်ခွဲအတည်ပြုလူနာ (၄၉၈၇) ဦးရှိခဲ့ပြီး၊ (၅၉၀) ဦးသေဆုံးခဲ့သော်လည်း၊ စက်တင်ဘာလ အတွင်းက မွန်ပြည်နယ်အတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၃၂၀၉) ဦးသာရှိခဲ့ပြီး၊ ဓါတ်ခွဲအတည်ပြုလူနာ (၂၆၂) ဦးသာသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။















