COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (သြဂုတ် ၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်။
အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် COVID-19 ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို သုံးကြိမ်းသတ်မှတ်ပေးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
COVID-19 ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ၂၅ အရတိုးမြှင့်သတ်မှတ်ကြေညာလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဇူလိုင်လ ၁၇ ရက်မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့သလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက်ကို ဆက်လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိသို့လည်းကောင်း၊ သြဂုတ် ၂ ရက်မှ သြဂုတ် ၈ ရက်အထိသို့လည်းကောင်း (ထူးခြားသည့် အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြေညာကြောင်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။















