ပြိုင်ဘက်တွေကို အနိုင်ယူပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့ကြတဲ့ ဆီဗီလာနဲ့ ရှက်တာဒိုးနက်

ပြိုင်ဘက်တွေကို အနိုင်ယူပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့ကြတဲ့ ဆီဗီလာနဲ့ ရှက်တာဒိုးနက်
Photos: Getty Images & AP
Photos: Getty Images & AP
Published 12 August 2020

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် (၂)ပွဲမှာ ဆီဗီလာနဲ့ ရှက်တာဒိုးနက်တို့က ပြိုင်ဘက်တွေဖြစ်တဲ့ ဝုလ်ဗ်နဲ့ ဘေဆယ်တို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ 

ဝုလ်ဗ်-ဆီဗီလာပွဲမှာ ဆီဗီလာအသင်းက ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ အိုကမ်ပို့စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ တက်ရောက်နိုင်ခဲ့တာပါ။

ဝုလ်ဗ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ ဟီမင်နက်ဇ်၊ ထရာအိုရေး၊ နေးဗတ်စ်၊ မော်တင်ဟိုတို့နဲ့ လူစုံခဲ့သလို ဆီဗီလာအသင်းရဲ့ ပွဲထွက်စာရင်းမှာလည်း အိုကမ်ပို့စ်၊ ဆူဆို၊ အန်နက်ဆရီ၊ ရယ်ဂီလွန်တို့လို အဓိကကစားသမားတွေ ပါဝင်လာခဲ့တာပါ။ 

ဆီဗီလာအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဝုလ်ဗ်အသင်းဘက်ကို ဖိကစားခဲ့ပြီး ဝုလ်ဗ်အသင်းကတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ 

ဆီဗီလာအသင်း ဘောလုံးကိုင်ကစားပေမယ့် ဝုလ်ဗ်အသင်းရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၁၃) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာတဲ့ ထရာအိုရေးကို ဒီယေဂိုကားလို့စ် ပယ်နယ်တီဧရိယာအတွင်း ဥပဒေပ ကစားခဲ့လို့ ဝုလ်ဗ်အသင်း ပယ်နယ်တီ ရခဲ့ပါတယ်။ 

ဒီပယ်နယ်တီကို ရာအူးလ်ဟီမင်နက်ဇ် ကန်သွင်းခဲ့ပေမယ့် ဆီဗီလာဂိုးသမား ဘိုနူ ကာကွယ်နိုင်ခဲ့လို့ ဝုလ်ဗ်တို့ နစ်နာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် အခွင့်အရေးသိပ်မရခဲ့ကြလို့ ပထမပိုင်းမှာ (၀-၀) ဖြစ်နေခဲ့တာပါ။ 

ဒုတိယပိုင်းမှာလည်း ဆီဗီလာအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာ ခြေစွမ်းအသာနဲ့ ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းကထက် အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဝုလ်ဗ်နောက်တန်းနဲ့ ဂိုးသမားတို့ကို ဆီဗီလာ တိုက်စစ်ကစားသမားတွေ မကျော်နိုင်ခဲ့တာကြောင့် ဂိုးရဖို့ အခက်တွေ့ခဲ့ရပါတယ်။ ဝုလ်ဗ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကတော့ ပထမပိုင်းကလောက် အလုပ်မဖြစ်ခဲ့သလို ထရာအိုရေးကို ထုတ်ပြီး ယိုတာ ဝင်လာပြီးနောက်မှာ ပိုဆိုးသွားခဲ့တာပါ။ 

ဆီဗီလာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၈၈)မိနစ်မှာ ဘာနီဂါရဲ့ ဖြတ်တင်ဘောကနေ အိုကမ်ပို့စ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဆီဗီလာအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်ထိပ်သီး မန်ယူအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ 

 



ရှက်တာဒိုးနက်နဲ့ ဘေဆယ်ပွဲမှာတော့ ရှက်တာဒိုးနက်အသင်းက ဘေဆယ်အသင်းကို စိတ်ကြိုက်ကစားသွားခဲ့ပြီး (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ 

နှစ်သင်းစလုံး အကောင်းဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် ဘေဆယ်အသင်းဟာ ရှက်တာဒိုးနက်အသင်းကို ဘယ်အပိုင်းမှာမှ မယှဉ်နိုင်ခဲ့ပါဘူး။ 

ရှက်တာဒိုးနက်အတွက် ဂိုးတွေကို ပွဲချိန် (၂) မိနစ်မှာ မိုရက်စ်၊ (၂၂) မိနစ်မှာ တိုင်ဆန်၊ (၇၅)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် ပက်ထရစ်နဲ့ (၈၈)မိနစ်မှာ ဒိုဒိုတို့က သွင်းယူပေးခဲ့ပြီး ဘေဆယ်အတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကိုတော့ ပွဲပြီးလို့ နာကျင်အချိန်ပို (၂) မိနစ်မှာ ဝုလ်ဖ်ဝင်ကယ်လ်က သွင်းယူပေးခဲ့တာပါ။ 

ရှက်တာဒိုးနက်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အီတလီထိပ်သီး အင်တာမီလန်နဲ့ ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ သြဂုတ်လ (၁၆)ရက်နေ့နဲ့ (၁၇)ရက်နေ့တွေမှာ ကစားကြမှာ ဖြစ်ပါတယ်။ 

■ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲပြီးရလဒ်

ဝုလ်ဗ် ၀-၁ ဆီဗီလာ

ရှက်တာဒိုးနက် ၄-၁ ဘေဆယ်

Most Read

Most Recent