PSG တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းကို နောင်တရနေပြီး ရာသီကုန်တွင် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ဘာစီလိုနာအခြေစိုက် စပိန်အားကစားသတင်းစာ Mundo Deportivo ကရေးသားဖော်ပြခဲ့သည်။
Mundo Deportivo ၏ အဆိုအရ နေမာသည် ပါရီတွင် နေထိုင်ရသည်ကို ညည်းငွေ့နေပြီဖြစ်ပြီး စပိန်မြေသို့ ပြန်လည်ပြောင်းရွှေ့ကာ အသင်းဖော်ဟောင်း မက်ဆီနှင့် တစ်ဖန်ပြန်လက်တွဲလိုနေသည်ဟု သိရှိရသည်။
နေမာသည် ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီနှင့် အလွန်ရင်းနှီးသည့်အပြင် ဆွာရက်ဇ်၊ ရာကီတစ် တို့နှင့်လည်း ခင်မင်သည့် ဆက်ဆံရေးရှိသူ ဖြစ်သောကြောင့် ဘာစီလိုနာအသင်းကို သတိရနေပြီး ပြင်သစ်လီဂူးပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုကင်းမဲ့သည့် အခြေအနေကြောင့် နေမာအနေဖြင့် PSG အသင်းတွင် ကစားရသည်ကို စိတ်မပါတော့ကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေ၏ ထင်ရှားတောက်ပလာမှုသည် သူ့အား လွှမ်းမိုးသလိုဖြစ်လာ၍ နေမာသည် PSG အသင်းတွင် မပျော်မွေ့တော့ခြင်းဖြစ်သည်ဟုလည်း Mundo Deportivo က ဖော်ပြခဲ့သည်။
ဘာစီိလိုနာအသင်း၏ တိုက်စစ်မှူးဟောင်းနေမာသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ နွေရာသီအပြောင်းအရွှေ့က PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့ကာ ယခုနှစ်ရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံတွင် သွင်းဂိုး(၁၃)ဂိုး၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး ခြေစွမ်းပြသနေသူဖြစ်သည်။
PSG အသင်းသည် နေမာအား လက်လွှတ်ရန် စိတ်ကူးမရှိသော်လည်း များပြားလှသော ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာအသင်းမှ ပြန်လည်ခေါ်ယူမည်ဆိုပါက အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာနိုင်ကြောင်း ဘာစီလိုနာအခြေစိုက် စပိန်အားကစားသတင်းစာ Mundo Deportivo က သုံးသပ်ဖော်ပြခဲ့သည်။
Photos : Daily Mail, AP















