ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲပြန်လည်စတင်ခြင်းကို ကန့်ကွက်မည့် ကစားသမားအနည်းဆုံး(၅၀)ဦးခန့်ရှိဟု Mirror သတင်းစာဖော်ပြ

ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲပြန်လည်စတင်ခြင်းကို ကန့်ကွက်မည့် ကစားသမားအနည်းဆုံး(၅၀)ဦးခန့်ရှိဟု Mirror သတင်းစာဖော်ပြ
Published 11 May 2020

၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပခြင်းကို ဆန့်ကျင်ကန့်ကွက်မည့်ကစားသမားမှာ အနည်းဆုံး(၅၀)ဦးခန့်ရှိကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

အချို့သောကစားသမားများအနေဖြင့်  ဘောလုံးပွဲများပြန်ကစားခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြပြီး ပရီးမီးယားလိဂ် တာဝန်ရှိသူများစီစဉ်နေသော ဘောလုံးပွဲများ ပြန်လည်စတင်မည့် Premier League Project Restrart Plan ကို လက်မခံလိုကြကြောင်း သိရှိရသည်။

Mirror၏ဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် ယင်းအစီအစဉ်ကို လက်မခံလိုသည့် ကစားသမား အနည်းဆုံး(၂)ဦး၊ (၃)ဦးရှိနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ပရီးမီးယားလိဂ်ကစားသမားအချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ရှိနေစဉ်အတွင်း ဘောလုံးပွဲများကို ပြန်လည်မကစားသင့်ကြောင်း လူသိရှင်ကြားပြောဆိုနေကြသည်။

မကြာသေးမီက ဝက်စ်ဟမ်းအသင်း၏ကွင်းလယ်လူ လန်ဇီနီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမတွေ့မချင်း ဘောလုံးပွဲများကို ပြန်မစသင့်ကြောင်း၊ လက်ရှိအချိန်တွင် မိမိအနေဖြင့် ဘောလုံးမကစားလိုသေးကြောင်း အာဂျင်တီးနားမီဒီယာတစ်ခုသို့ ပြောကြားခဲ့သလို၊ ယခုလအစောပိုင်းကလည်း မန်စီးတီးအသင်း၏ နာမည်ကျော်တိုက်စစ်မှူး အဂွဲရိုးက ကစား သမားအများစုမှာဘောလုံးပြန်ကစားလိုစိတ်မရှိကြကြောင်း၊  မိမိမှာလည်း လက်ရှိအချိန်တွင် မိမိ၏ချစ်သူနှင့်အတူနေသည်မှလွဲ၍ မည်သူနှင့်မှ တွေ့ဆုံခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကစားသမားများမှာ မိမိတို့မှတစ်ဆင့် မိမိ၏မိသားစုထံ ဗိုင်းရပ်စ်ပိုးထပ်ဆင့်ပြန့်ပွားမည်ကို စိုးရိမ်နေကြပြီး အကယ်၍ ပွဲများမဖြစ်မနေ ပြန်ကစားရမည်ဆိုပါက ကစားသမားအချို့က ဆန့်ကျင်ကန့်ကွက်ရန် အသင့်ရှိနေကြောင်း သိရသည်။

အချို့သော ကစားသမားများကလည်း ပရီးမီးယားလိဂ်ပွဲများ ပြန်လည်စတင်ခြင်းကြောင့် ဘောလုံးကွင်းအတွင်းမှ ဖြစ်စေ၊ လေ့ကျင့်ကွင်းအတွင်းမှဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ ပါက အာမခံကြေးမည်မျှရရှိမည်၊ မိမိတို့၏ မိသားစုဝင်များကို ထပ်မံကူးစက်ပြန့်ပွားခဲ့ပါက အာမခံကြေးမည်မျှရရှိမည်ကို သိရှိလိုနေပြီး ယင်းကိစ္စအတွက် ကလပ်အသင်းများနှင့် သီးခြားသဘောတူညီမှုစာချုပ် ချုပ်ဆိုလိုနေကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါကမူ ဘောလုံးပွဲပြန်မကစားလိုသည့်ကစားသမားများ၏ ဆန္ဒကို လက်ခံသွားမည်ဖြစ်ပြီး၊ ပွဲပြန်မကစားလိုသေးသော ကစားသမားကို ၎င်း၏ဆန္ဒနှင့် ဆန့်ကျင်ကာ အတင်းအကျပ်ကစားစေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဘရိုက်တန်အသင်း အမှုဆောင်ချုပ် ပေါလ်ဘာဘာကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မိမိတို့၏မိသားစုများအတွက် စိုးရိမ်ပူပန်နေသည့် ကစားသမားများထံမှ မေးခွန်းများစွာရှိနေပြီး  မိမိတို့အနေဖြင့် ဖြေကြားရန်တာဝန်ရှိကြောင်း၊ ကစားသမားများ၏ ခံစားချက်ကို နားလည်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဘောလုံးပွဲများပြန်လည်ကျင်းပရန်နှင့်ပတ်သက်သည့် အဆိုပြုချက်များကို ပရီးမီးယားလိဂ်အသင်း(၂၀)ထံ ပေးဝေထားသည်။

 

 

Most Read

Most Recent