ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်က အသင်းဖော် နာမည်ကျော်ဘောလုံးသမားများနှင့် စတင်တွေ့ဆုံချိန်တွင် သကြားလုံးဆိုင်ထဲရောက်နေသည့် ကလေးတစ်ဦး၏ပျော်ရွှင်မှုမျိုး ခံစားခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
ပြီးခဲ့သည့်နွေရာသီတွင် အေဂျက်စ်အသင်းမှ ဂျူင်တပ်စ်အသင်းသို့ ရောက်လာခဲ့သူ ဒီလစ်က အသင်းအဝတ်အစားလဲခန်းသို့ ဝင်ရောက်ချိန်တွင် စီရော်နယ်လ်ဒို၊ ဘူဖွန်စသည့် သူ၏ငယ်ဘဝဟီးရိုးများနှင့် တွေ့ဆုံခဲ့မှုကြောင့် ယင်းကဲ့သို့ ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

'' ဂျူဗင်တပ်စ်အသင်းကလည်း ဒီလိုပြောခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ ငယ်ရွယ်ပေမယ့် အတွေ့အကြုံရင့်ကျက်ပြီးသားဖြစ်တဲ့အချက်က သူတို့ခေါ်ယူရခြင်းရဲ့ အဓိကအကြောင်းအရင်းပါပဲ။ ပြီးတော့ အသင်းက (၁၉)နှစ်သားအရွယ် ကစားသမား တစ်ယောက်အနေနဲ့ တခြားတိုင်းပြည်မှာ လာကစားတာဟာ ခက်ခဲနိုင်တယ်လို့ မှတ်ချက်ပေးဖူးပါတယ်။ အသင်းက ကျွန်တော့် ယုံကြည်မှုရှိခဲ့ပြီး နေရာတစ်နေရာကို အမြန်ယူနိုင်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ အမှန်တကယ်တော့ ဘူဖွန်၊ ရော်နယ်လ်ဒိုတို့လို ကစားသမားတွေရှိနေတဲ့ အဝတ်အစားလဲခန်းကို ပထမဆုံးဝင်လာတဲ့အချိန်မှာ သကြားလုံးဆိုင်ထဲရောက်နေတဲ့ ကလေးတစ်ဦးလိုမျိုး အနည်းငယ်အခက်တွေ့ခဲ့ပါတယ်'' ဟု ဒီလစ်က အသင်းဖော်ဂိုးသမား ဆဇက်စနီနှင့်အတူ Foot Truck နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြုလုပ်ခဲ့သည်။
ထို့ပြင် ဒီလစ်က ဂျူဗင်တပ်စ်ကစားသမားဘဝ အစောပိုင်းကာလများတွင် အနည်းငယ်ရုန်းကန်ခဲ့ရသည်ဟုလည်း ဝန်ခံခဲ့သည်။
ဘောလုံးပွဲများရပ်နားချိန်အထိ ဒီလစ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲအထိ ကစားပေးထားခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ပြီးခဲ့သည့်ဇူလိုင်လကမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။















