ရခိုင်အရေး အပါအဝင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် တွေ့ဆုံဆွေးနွေး

ရခိုင်အရေး အပါအဝင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် တွေ့ဆုံဆွေးနွေး
Published 5 September 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့သည် စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်မှန်များကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်တွင် လာရောက်မည်ဖြစ်ပြီး ထိုသို့ မလာရောက်မီ တစ်ရက်အလိုတွင် မစ္စတာဆွန်ကော့ရှန်သည် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လာရောက် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ မဒေးကျွန်း၊ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနံပိုက်လိုင်း အပါအဝင် ၎င်းတို့၏ အကျိုးစီးပွား များစွာရှိနေပြီး အိန္ဒိယနိုင်ငံသည်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုလားတန်ဆိပ်ကမ်း စီမံကိန်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထို့အတူ မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အတွင်းဝန် Shahidul Haque နှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား တရုတ်နိုင်ငံ အနေဖြင့် သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း အဆိုပါ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

သို့ရာတွင် မြန်မာအစိုးရ အနေဖြင့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားသာ ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

ထို့အတူ မစ္စတာဆွန်ကော့ရှန်သည် မြန်မာ-တရုတ် နယ်စပ်ရှိ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်သည်။

နေပြည်တော်၌ မေလက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အား “အထူးဧည့်သည်တော်” အဖြစ် ဖိတ်ကြားခဲ့ပြီး ကျန်သုံးဖွဲ့ဖြစ်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အဖွဲ့မှာ ဖိတ်ကြားခံရခြင်း မရှိသဖြင့် အားလုံးဖိတ်ကြားခြင်း မရှိပါက ဖိတ်ကြားခံရသည့် အဖွဲ့များအနေဖြင့်လည်း ကနဦးတွင် ညီလာခံသို့ တက်ရောက်ခြင်း မပြုမည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ကိုယ်တိုင် ညီလာခံမကျင်းပမီ နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် မြောက်ပိုင်းခုနစ်ဖွဲ့စလုံး ညီလာခံသို့ တက်ရောက်လေ့လာခွင့် ရရှိခဲ့သည်။

Most Read

Most Recent