မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ထိ မူးယစ်ဆေးဝါးအမှု ပေါင်း ၄၈ မှုမှ ကာလတန်ဖိုး မြန်မာငွေ ကျပ် သိန်းပေါင်း ၁၃၀၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၄ သိန်းကျော် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။
မောင်တောခရိုင်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှု မြင့်တက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ ၁ ရက်ထိ မူးယစ်ဆေးဝါး အမှုပေါင်း ၄၈ မှု ဖမ်း ဆီးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး တရားခံ ကျား ၅၄ ဦး၊ မ ၂၀ စုစုပေါင်း ၇၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ အမှုပေါင်း ၄၈ မှု ရှိပြီးတော့မှ ငွေကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်း ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲမှာ နယ်ခြား စောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာ မပါသေးပါဘူး။ ခရိုင်ရဲက ဖမ်းဆီးတဲ့ အမှုတွေသာဖြစ်ပါတယ်” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းမြင့်ထွန်းက ပြောကြားသည်။
၂၀၁၈ ခုနှစ်တွင် မောင်တောခရိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ယခင်နှစ် အလားတူကာလထက် မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၄ မှုရှိခဲ့ကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း မောင်တောခရိုင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့၌ စိတ်ကြွ ဆေးပြားများ အများအပြား ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ သြဂုတ် ၂၅ ရက် ညနေ ၆ နာရီ ခွဲ အချိန်ခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံကွပ်ကဲမှုဖြင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်း မြင့်ထွန်းကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ရဲတပ်ဖွဲ့မှ ဘူးသီးတောင်မြို့ အမှတ် (၅) ရပ် ကွက် မြို့ ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကားများအား စစ်ဆေးရှာဖွေရာ ဓညဝတီ လမ်းအတိုင်း မြို့ဝင်/ထွက် စစ်ဆေးဂိတ်ဘက် သို့မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်းအောင်မျိုးလွင် ( ၃၇ နှစ်) (ဘ)ဦးသန်းကျော် မောင်းနှင်ကာ ယာဉ်ပေါ်တွင် တစ် ရက်တည်းနေ ကျော်စိုးဦး (ခ) ခင်မောင်ဝင်း ( ၄၁ နှစ်)(ဘ) ဦးလှဝင်း လိုက်ပါလာပြီး ယာဉ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ယာဉ်နောက်ခန်းတွင် ပီနံအိတ်အကြီး ခုနစ်ထုပ်၊ အသေးတစ်ထုပ်အတွင်းမှ မြင်းချေးရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၄၉ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ အထုပ် ၁၄၉ ထုပ်အား သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၅၂၇၅၀ ပြား ၊ ကာလတန်ဖိုး တစ်ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၄၃၅၈၂၅၀၀၀၀ ကျပ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
အလားတူ သြဂုတ် ၁၇ ရက် ညနေပိုင်းကလည်း မောင်တောမြို့နယ်ရွှေဇား ကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့် ဂျင်း(ချင်း)များတင်ဆောင်လာသော တေပါ ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ချင်းများဖြင့် ရောနှောတင်ဆောင်လာသော ငွေကျပ်သိန်းပေါင်း ၈၃၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၂၇၆၆၀၀၀ ပြားကို စံချိန်တင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ်က မောင်တောမြို့မြို့မကညင်တန်း ကျေးရွာ တောင်ဗလီလမ်းကြားတွင် အဏ္ဏဝါဆာဒတ်ဆိုသူအား တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၀၀၀ နီးပါးရှိ WY/R စာတန်းရောရာပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၇၇၅၀ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများဖမ်းဆီးရမိအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းအား ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အလားတူ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများမှာလည်း အများအပြားရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ အများဆုံးဒေသများထဲတွင် မောင်တောနယ်စပ်ဒေသသည် တစ်ခုအပါ အဝင်ဖြစ်ပြီး ရခိုင်ပြည်နယ် ခရိုင်ငါးခုတွင် မောင်တောခရိုင်သည် မူးယစ်ဆေးဝါး ဒုတိယ အများဆုံး ဖမ်းဆီးရမိသည့် ခရိုင်ဖြစ်ကြောင်းလည်း သိရသည်။