ဒီတစ်ပတ်မှာတော့ ခေါင်းစဉ်မပါတဲ့ အခြေအနေအားလုံးနဲ့စပ်ဆိုင်တဲ့ အဓိကအချက်တစ်ခုကိုရေးဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ငွေကြေးဖောင်းပွမှု (Inflation) နဲ့ပတ်သက်ဆက်နွှယ်တဲ့ အကြောင်းအချက်တွေဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု သဘောတရားကို အခြေအနေ ပေါင်းစုံဘက်ပေါင်းစုံကနေစဉ်းစားပြီး မိမိနိုင်ငံအကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အနာဂတ်အမြင်ရှိဖို့ လိုအပ်တယ်။ တစ်ခါတုန်းက ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ယောက်က ငွေကြေးဖောင်းပွပါမှ နိုင်ငံရဲ့စီးပွားရေး တိုးတက်မယ်လို့ ပြောသွားဖူးတယ်။ အဲဒီလိုပြောရင် သူပြောတဲ့အချက်ကို အများပြည်သူတွေ နားလည်အောင်ရှင်းပြဖို့ လိုအပ်တယ်။ အရှင်းဆုံးဆိုရရင် ငွေကြေးဖောင်းပွလာတဲ့အတွက် ကုန်ပစ္စည်းရဲ့တန်ဖိုး တက်လာစေတာကတော့ ဘယ်လိုမှငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။
စာရေးသူတို့ခေတ် မူလတန်းကျောင်းသားအရွယ်မှာ တစ်ရက်ကို မုန့်ဖိုးက ၁၀ ပြားသာရပါတယ်။ အဲဒီအချိန်က မုန့်ဟင်းခါးတစ်ပွဲကို ငါးပြားပဲပေးရပါတယ်။ ထမင်းအဝစားတစ်ကျပ်ပါ။ တက္ကသိုလ်တက်တာ တစ်နှစ်ပတ်လုံး ငွေ ၅၀၀၀ ကျပ်သော်မှမကုန်ပါ။ ဒီကနေ့ မျက်မှောက်ခေတ်ကာလမှာ နာမည်ကြီးပုဂ္ဂလိကကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ တစ်ရက်တာမုန့်ဖိုးက ကျပ် ၅၀၀၀ ကျပ် ၂၀၀၀၀ အထိရှိတယ်လို့ ကြားသိရပါတယ်။ ငွေကြေးဖောင်းပွထားတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ အိတ်ကပ်တွေအတွင်းမှာ ငွေများများ ကိုင်သုံးနိုင်ဖို့လိုအပ်တယ်။ ၁၉၈၀ ဝန်းကျင်လောက်က ကော့သောင်းကိုရောက်တော့ အဲဒီအချိန်က ငွေကြေးအရ မြန်မာငွေကျပ် ၃၀ ကို ထိုင်းဘတ် ၁၀၀ ရတယ်။ အခုအခါမှာတော့ နောက်တဖြည်းဖြည်းနဲ့ ဘတ်တိုက်၊ ကျပ်တိုက်လို့ခေါ်ကြတဲ့ မြန်မာငွေကျပ် ၁၀၀ ထိုင်းဘတ် ၁၀၀ ဖြစ်လာတယ်။ အခုတော့ မြန်မာငွေတန်ဖိုးကျပြီး မြန်မာကျပ်ငွေ ၁၀၀၀ ကို ထိုင်းဘတ် ၃၀ သာရရှိတော့တဲ့ အခြေအနေဖြစ်လာတယ်။ ငွေကြေးဖောင်းပွလာရင် အလွယ်ကူဆုံး မှတ်သားနိုင်စေတဲ့ နည်းလမ်းက ငွေများများပေးပါမှ ပစ္စည်းကအနည်းငယ်သာ ရရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်