ငါးလုပ်ငန်းသိပ္ပံပညာ တက်ရောက်သည့် ကျောင်းသူကျောင်းသားများကို နိုင်ငံခြားတွင် ပညာသင်ယူခွင့် ရသည်အထိ ဆောင်ရွက်မည်

ငါးလုပ်ငန်းသိပ္ပံပညာ တက်ရောက်သည့် ကျောင်းသူကျောင်းသားများကို နိုင်ငံခြားတွင် ပညာသင်ယူခွင့် ရသည်အထိ ဆောင်ရွက်မည်
Published 31 August 2018

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော ငါးလုပ်ငန်းသိပ္ပံပညာကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒီဇင်ဘာတွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး တက်ရောက်သည့် ကျောင်းသူ ကျောင်းသားများကို နိုင်ငံခြားတွင် ပညာသင်ယူခွင့် ရနိုင်သည်အထိ ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

“ကျောင်းသူကျောင်းသားဦးရေ ၅၀ လက်ခံတဲ့အထဲမှာ ၄၆ ယောက် ရထားတယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ဘာသာရပ် အဓိကထား သင်မယ်။ ပထမဆုံး သင်ကြားတဲ့နှစ် ဖြစ်တဲ့အတွက် ကလေးတွေကို နိုင်ငံခြားပို့နိုင်တဲ့အထိ ဆရာမတို့ဘက်က ကြိုးစားမယ်။ အရမ်းတော်တဲ့ ကလေးတွေကို မွေးထုတ်ချင်တယ်။ ပညာရေးဌာန ဖြစ်နေတဲ့ စနစ်တွေကို ပြောင်းလဲနိုင်တဲ့ အမြင်တစ်ခု ပေးစေချင်တယ်။ တက်ရောက်လာတဲ့ ကလေးတွေကို သေချာ လေ့ကျင့်ပေးမယ်။ ဒီဘာသာရပ်ကို အောင်သွားပြီဆိုရင် ဘယ်နေရာမှာဖြစ်ဖြစ် ငါးလုပ်ငန်းနဲ့ အလုပ်ရနိုင်တဲ့ ကလေးမျိုးဖြစ်အောင် လေ့ကျင့်ပေးမယ်လို့ ရည်ရွယ်ထားတယ်”ဟု ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

ငါးလုပ်ငန်းသိပ္ပံပညာကို ပညာသင်နှစ် လေးနှစ်ဖြင့် သင်ကြား ပို့ချမည်ဖြစ်ပြီး သတ္တဗေဒဌာနအောက်ရှိ လက်ခွဲအဖြစ် သင်ကြားမည်ဟု သိရသည်။

“အဓိက သင်ရိုးတွေက မွေးမြူရေးကို ဦးစားပေး ဆွဲတာ။ ကိုယ်နိုင်ငံမှာ မွေးမြူရေးက အရေးပါတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းက ပညာရှင်တွေ အများကြီးလိုတယ်။ ဒီအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သင်ရိုးတွေမှာ ထည့်ပြီး သင်သွားမှာ။ နိုင်ငံအများစုရဲ့ သင်ရိုးတွေထဲက ကောင်းတဲ့အချက်တွေ အကုန်လုံးယူပြီး လုပ်ငန်းရှင်တွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေ၊ ငါးဦးစီး စတဲ့ပညာရှင်တွေ ပေါင်းပြီး သင်ရိုးတွေကို အကောင်းဆုံးဖြစ်အောင် ဆွဲထားတယ်”ဟု ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

ငါးလုပ်ငန်းသိပ္ပံပညာ သင်ရိုးညွှန်းတမ်းများကို တစ်နှစ်ကျော်ကြာ ရေးဆွဲထားပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များနှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာဆရာမများက သင်ကြားပို့ချမည်ဟု သိရသည်။

Most Read

Most Recent