နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း (စစ်ကိုင်း) သို့ သွားရောက်လေ့လာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း (စစ်ကိုင်း) သို့ သွားရောက်လေ့လာ
Published 11 August 2018

စစ်ကိုင်းကောင်းမှုတော်ဘုရား အနောက်မုခ်တွင် စောင့်ဆိုင်းကြိုဆိုနေသူများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်နေမှုကို တွေ့ရစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း (စစ်ကိုင်း) သို့ သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ္တရာရက္ကန်း စင်တောင်မှတစ်ဆင့် စစ်ကိုင်းမြို့သို့  ရဟတ်ယာဉ်ဖြင့် မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့ပြီး စစ်ကိုင်းကောင်းမူတော်ဘုရား အနောက်မုခ်ကွင်းပြင်၌ ယာယီပြုလုပ်ထားသော ရဟတ်ယာဉ်ကွင်းတွင် ရပ်နားကာ ထိုမှတစ်ဆင့် မုံရွာ- မန္တလေးကားလမ်းနံဘေး အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းသို့ သွားရောက်လေ့လာရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ကိုင်းမြို့ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများက စစ်ကိုင်းကောင်းမှုတော် ဘုရားအနောက်မုခ်တွင် စောင့်ဆိုင်းကြိုဆို နှုတ်ဆက်ခဲ့ကာ ညနေ ၃ နာရီကျော်တွင် မန္တလေးမြို့သို့ ရဟတ်ယာဉ်ဖြင့်ထွက်ခွာသွားကြောင်း သိရသည်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘတ်ဂျက်နဲ့ ဆောင်ရွက်ခဲ့တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို စစ်ဆေးခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီရဲလေ့ကျင့်ရေးသင်တန်းကျောင်းကြီးကနေ ပြည်သူလူထု ယုံကြည်အားကိုးလောက်တဲ့ ရဲအမှုထမ်းအရာထမ်းတွေ ပေါ်ပေါက်လာအောင် တိုက်တွန်းပြောကြားခဲ့ပါတယ်။ တိုင်းပြည်စီးပွားတိုးတက်ရေးကို ရဲအဖွဲ့အစည်းကနေများစွာ ထောက်ပံ့ပေးလို့ရကြောင်း ပြောခဲ့ပါတယ်။ တရားဥပဒေစိုးမိုးမှ တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည်အေးချမ်းမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာတွေ ပိုအဆင်ပြေမယ်လို့ ပြောကြားခဲ့ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၀  ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရက္ကန်းစင်တောင်ဒေသရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသအား ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းမှုပြုလုပ်ပြီး မွန်းလွဲပိုင်းတွင် စစ်ကိုင်း မြို့သို့ ရဟတ်ယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၉ ရက်က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် စကားဝိုင်း (Peace Talk)  ပြုလုပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြဂုတ် ၉ ရက်၌ပင် ပုပ္ပားဒေသတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် အခမဲ့ကွန်ပျူတာသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent