ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ PSG အသင်းကို အာဆင်နယ် ဂိုးပြတ်အနိုင်ယူ

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ PSG အသင်းကို အာဆင်နယ် ဂိုးပြတ်အနိုင်ယူ
Published 29 July 2018

Photo: Getty Images

၂၀၁၈ ICC ပြိုင်ပွဲရဲ့  စင်ကာပူနိုင်ငံမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်းက PSG အသင်းကို ဒုတိယပိုင်းမှာ (၄)ဂိုးအထိသွင်းယူပြီး (၅-၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

စင်ကာပူနိုင်ငံ National Stadium မှာ ကျင်းပခဲ့တဲ့ ဒီပွဲစဉ်ဟာ (၂)သင်းစလုံးအတွက် ဒုတိယမြောက် ICC ပွဲစဉ်ဖြစ်စဉ်ပြီး ပွဲဦးထွက်မှာ ရှုံးပွဲကိုယ်စီကြုံထားတာကြောင့် နိုင်ပွဲရဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။

ပထမပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ထားတဲ့အာဆင်နယ်အသင်း PSG နဲ့ပွဲကိုတော့ ဂရုစိုက်ကစားခဲ့ပြီး လေနို၊ ဆိုကရာတစ်တို့လို ကစားသမားသစ်တွေအပါအဝင် ဘယ်လာရင်၊ မူစတာဖီ၊ အိုဇေးလ်၊ မစ်ခီတာရီယန်၊ ကိုလာရှီနက်၊ အူဘာမီယန်းတို့နဲ့ လူစုံထုတ်ယှဉ်ပြိုင်ခဲ့တာပါ။

PSG အသင်းကတော့ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က လူစာရင်းကိုပဲအခြေပြုခဲ့ပြီး ဘူဖွန်၊ ရာဘီယူတို့ကို လူငယ်ကစားသမားတွေနဲ့တွဲဖက်ခဲ့တာကြောင့်လည်း အာဆင်နယ်အသင်းကို ယှဉ်ကစားဖို့ ခက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် (၁၃)မိနစ်မှာ အူဘာမီယန်းရဲ့ပေးပို့မှုကနေ ကွင်းလယ်လူ အိုဇေးလ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မိနစ် (၆၀)မှာတော့ PSG တို့ ချေပဂိုးရခဲ့ပြီး ပယ်နယ်တီကနေ အန်ကွန်ကူက သွင်းယူခဲ့တာပါ။

ဒါပေမဲ့လည်း ပွဲချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်အသင်းရဲ့  ကစားအားကို PSG တို့ယှဉ်ဖို့ခက်လာခဲ့ပြီး ဆက်တိုက်ဆိုသလို အနိုင်ဂိုးတွေခွင့်ပြုခဲ့ရပါတယ်။

အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် (၆၇၊ ၇၁) မိနစ်တွေမှာ တိုက်စစ်မှူး လာကာဇက်၊ (၈၇)မိနစ်မှာ ဟိုးလ်ဒင်းနဲ့ (၉၀+၄) မိနစ်မှာ နာခီတီယာတို့က ဆက်တိုက်ဆိုသလိုသွင်းယူခဲ့ပါတယ်။

PSG အသင်းကတော့ ၂၀၁၈ ICC ပွဲစဉ်မှာ (၂)ပွဲဆက် ဂိုးပြတ်ရှုံးခဲ့တာဖြစ်ပြီး ပေးဂိုးလည်း (၈) ဂိုးအထိရှိခဲ့ပါတယ်။