မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအတွက် ယခင်အစိုးရလက်ထက်က စတင်တာဝန်ယူခဲ့သော လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား ဆက်လက်ခန့်ထားရန် အမည်စာရင်းတင်သွင်းခဲ့ပြီး အပြောင်းအလဲကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မမျှော်လင့်ကြောင်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအတွက် ယခင်အစိုးရလက်ထက်က စတင်တာဝန်ယူခဲ့သော လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား ဆက်လက်ခန့်ထားရန် အမည်စာရင်းတင်သွင်းခဲ့ပြီး အပြောင်းအလဲကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မမျှော်လင့်ကြောင်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 27 July 2018

သက်တမ်းကုန်ဆုံး၍ လစ်လပ်တော့မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးနေရာအတွက် ယခင်အစိုးရလက်ထက်က စတင်တာဝန်ယူခဲ့သော လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား ဆက်လက်ခန့်အပ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး အပြောင်းအလဲကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မမျှော်လင့်ကြောင်း NLD ပါတီဝင် ပုလဲမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မထံမှ ပေးပို့ထားသော သက်တမ်းကုန်ဆုံး၍ လစ်လပ်တော့မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာအတွက် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို နေပြည်တော်၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဖတ်ကြား တင်သွင်းခဲ့ခြင်းဖြစ်သည်။

“အားလုံးကလည်း ဗဟိုဘဏ်ဥက္ကဋ္ဌ အပြောင်းအလဲကို မျှော်လင့်နေတဲ့အချိန် ဒီအချိန်မှာပဲ ဥက္ကဋ္ဌအပြောင်းအလဲဖြစ်မယ်လို့ ပြောပြီးတဲ့နောက်မှာ အမည်စာရင်း တင်သွင်းလာတဲ့သူက ယခင်က ဗဟိုဘဏ်ဥက္ကဋ္ဌပဲ ပြန်ဖြစ်သွားတယ်ဆိုတဲ့ အခါကျတော့ တချို့ကလည်း ဒီဟာအပေါ်မှာ မျှော်လင့်သလို ဖြစ်မလာတဲ့ ကိစ္စတွေလည်းရှိတယ်။ ကျွန်မရဲ့ တစ်ဦးတည်းသဘောထားကို ပြောမယ်ဆိုရင် ဗဟိုဘဏ်ကို အများကြီး ပြောင်းလဲစေချင်တယ်။ ဒီဥက္ကဋ္ဌရဲ့နေရာအစား ပြည်သူတွေထဲမှာ ပညာရှင်တွေ များစွာရှိတယ်။ အဲဒီထဲက လုပ်ရည်ကိုင်ရည်ရှိပြီး အရွယ်အားဖြင့်ရော ကျန်ရှိတဲ့ သက်တမ်းမှာ အားကောင်းမောင်းသန်နဲ့ လုပ်နိုင်မယ့် ပုဂ္ဂိုလ်မျိုးကို မျှော်လင့်ထားတယ်။ ဦးကျော်ကျော်မောင် ဖြစ်မယ်ဆိုရင် ဦးကျော်ကျော်မောင်က ဗဟိုဘဏ်ကို ယခင်ကတည်းက ထိန်းကျောင်းလာတဲ့သူဖြစ်တဲ့အတွက် ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာတော့ အခက်အခဲလည်း သိပ်မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အပြောင်းအလဲလည်း အများကြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ဘူး” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ခန့်အပ်တာဝန်ပေးထားသောဥက္ကဋ္ဌ၏ တာဝန်ထမ်းဆောင်မှု သက်တမ်းသည် ပြီးဆုံးတော့မည်ဖြစ်ပြီး လစ်လပ်နေရာဖြစ်သည့် အဆိုပါဗဟိုဘဏ် ဥက္ကဋ္ဌရာထူးနေရာအတွက် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (က) အရ ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၄ ရက် ရက်စွဲပါ စာအမှတ် ၁၀၇(၁)/ ၈။ သမ္မတရုံးဖြင့် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပေးစာတွင် လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးနေရာအတွက် ဥပဒေပြဋ္ဌာန်းချက်ပါ အရည်အချင်းများနှင့် ကိုက်ညီသော ဦးကျော်ကျော်မောင်အား ခန့်အပ်တာဝန်ပေးလိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

လစ်လပ်လာမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးနေရာအတွက် အမည်စာရင်း တင်သွင်းခံရသော လက်ရှိဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ၁၉၃၉ခုနှစ် ဧပြီ ၁၂ ရက်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အသက်အရွယ်အားဖြင့် ၇၉ နှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် B.com (ဝါဏိဇ္ဇဝိဇ္ဇာ) ဘွဲ့ရရှိထားကာ ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံတော်သမ္မတထံမှ အဆိုပြုတင်ပြလာသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ အမည်စာရင်းနှင့် ပတ်သက်၍ ကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူညီမည်ဖြစ်ပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်းအဆိုကို ၂၀၁၈ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

Most Read

Most Recent