ထိုင်းနိုင်ငံ၌ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးရေး လုပ်ဆောင်ရန် တစ်ရက်အလိုတွင် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်နီးပါးရှိ

ထိုင်းနိုင်ငံ၌ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးရေး လုပ်ဆောင်ရန် တစ်ရက်အလိုတွင် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်နီးပါးရှိ
Published 1 July 2018

မြဝတီ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးရေးလုပ်ရန် တစ်ရက်အလို ဇွန် ၃၀ ရက် နေရပ်ပြန်လာသူ မြန်မာလုပ်သား တစ်ထောင်နီးပါးရှိပြီး တစ်နှစ်အတွင်း မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ ၈၆၀၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း မြဝတီပြန်လည် ကြိုဆိုရေးစခန်းမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း၂၀၁၇ ခုနှစ် ဇွန် ၂၅ ရက်က ပြင်ဆင်လိုက်သည့် အလုပ်ရှင် အလုပ်သမား ဥပဒေသစ် အပြောင်းအလဲကြောင့် အထောက်အထား မပြည့်စုံသူ၊ အထောက်အထား မရှိသူများမှာ ဇွန်၂၉ ရက်ကစ၍ နေရပ်ရင်းသို့ ပြန်လာခဲ့ကြရာ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြန်လည်ရောက်ရှိလာ သူ ၈၆၀၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ယခင်နှစ် ဖမ်းဆီးရေး ရပ်ဆိုင်းကာလ ပထမ ခြောက်လ၊ ဒုတိယ (၆) လျော့ပေါ့ပြီး အထောက်အထားမဲ့များအား ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အထောက်အထား ပြုလုပ်ကာ မြန်မာအလုပ်သမား သံအရာရှိရုံးမှလည်း တိုက်တွန်းထားပြီး ဇူလိုင် ၁ ရက်တွင် အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးအရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။

မြဝတီ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ဇွန် ၂၉ ရက်တွင် မြန်မာလုပ်သား ၅၆၄ ဦး၊ ဇွန် ၃၀ ရက်တွင် နံနက်ပိုင်းတွင် ၂၆၅ ဦး၊ နေ့လယ်ပိုင်းတွင် ၃၀၀ ဦးနှင့် ညနေပိုင်းတွင်၂၄၀ ဦးတို့ ပြန်လည် ရောက်ရှိခဲ့သည်။

မြဝတီမြို့ ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူများမှာ နေရပ်သို့အပြီးတိုင် ပြန်လာသူများ ပါဝင်သလို အထောက်အထား ပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကာ အလုပ်လုပ်ကိုင်ကြမည့်သူ အများအပြား ပါဝင်ကြောင်း သိရသည်။

ဇွန် ၃၀ ရက်က မြဝတီ ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ ကိုဝင်းစိုးက “ပတ်စ်ပို့ မရှိဘူးလေ။ လကုန်ရင် ဖမ်းတော့မယ်ဆိုတော့ ပြန်လာရတာပေါ့။ ပတ်စ်ပို့လုပ်ပြီးရင် ပြန်တက်မှာပါ။ ထိုင်းမှာ အလုပ်လုပ်ရတာ အဆင်ပြေတယ်လေ။ ဖမ်းမယ်ဆီးမယ်ဆိုတော့ ကြောက်ရတာပေါ့။ ကိုယ့်နိုင်ငံမှာ နေထိုင်လုပ်ကိုင် စားသောက်ဖို့လည်း စီစဉ်ရပါတယ်” ဟု ပြောကြားသည်။

မြဝတီနယ်စပ်တွင် ပြန်လည်ကြိုဆိုရေးစခန်း ဖွင့်လှစ်ထားရှိသော်လည်း အခြားထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့များတွင် ကြိုဆိုရေးစခန်း ဖွင့်လှစ်ထားခြင်း မရှိ၍ အထောက်အထားမဲ့ မြန်မာလုပ်သားများ နေရပ်ပြန်ရန် ခက်ခဲနေသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။

“ကျွန်တော်တို့ ကြားတာတော့ တနင်္သာရီတိုင်း ကော့သောင်းနှင့် မောတောင်နယ်စပ်တွေမှာ ပြန်လည်ကြိုဆိုရေး စခန်းတွေ ဖွင့်လှစ်ထားတာ မရှိတော့ နေရပ်ပြန်မယ့် အလုပ်သမားတွေက အခက်ခဲတွေ တွေ့နေရတယ်” ဟု အလုပ်သမားရေး ဆောင်ရွက်နေသူ ကိုစောမောင်က ပြောကြားသည်။

ထိုင်းတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေကြသူ မြန်မာအလုပ်သမားမှာ နေရပ်သို့ ပြန်လာရာတွင် ရနောင်းနှင့် ကော့သောင်းလမ်းကို အားထားပြီး ပြန်နေရခြင်း ဖြစ်သည်။ ထိုင်းအစိုးရ စီမံချက်ဖြင့် ဖမ်းစီးမည့် ကာလအတွင်း တရားမဝင် နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိသော အလုပ်သမားများသည် ဒဏ်ငွေဘတ်ငါးထောင်မှ ငါးသောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသု့ိ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်တိတိ ပိတ်ပင်ခံရမှာ ဖြစ်သလို ထိုင်းအလုပ်ရှင်များ အနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထားခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ်ငန်းအမျိုးအစားများ စေခိုင်းခြင်း စစ်ဆေးတွေ့ရှိပါက အလုပ်သမား တစ်ဦးလျှင် ဒဏ်ငွေဘတ်တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းအလုပ်ရှင်များသည် ထိုကဲ့သို့အမှု ထပ်မံကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ငွေ ဘတ်ငါးသောင်းမှ နှစ်သိန်းအထိ ပေးဆောင်ရမည်ဟု သိရသည်။

 

Most Read

Most Recent