ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) တွင် စပါးများ လုံးဝတင်ပို့ရောင်းချခွင့် မပြုကြောင်းနှင့် တင်ပို့ရောင်းချမှုများကို အထူးတားမြစ်ကြောင်း ထုတ်ပြန်

ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) တွင် စပါးများ လုံးဝတင်ပို့ရောင်းချခွင့် မပြုကြောင်းနှင့် တင်ပို့ရောင်းချမှုများကို အထူးတားမြစ်ကြောင်း ထုတ်ပြန်
Published 6 October 2018
နီလာ

ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) တွင် စပါးများ လုံးဝတင်ပို့ရောင်းချခွင့် မပြုကြောင်းနှင့် တင်ပို့ရောင်းချ နေမှုများအား အထူးတားမြစ်ကြောင်း ဆန်စပါး ကုန်စည်ဒိုင် (မူဆယ်) အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

ယခုအခါ ပြည်တွင်းပြည်ပမှ ကုန်သည်ပွဲစားများသည် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသော စပါးများကို တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရောင်းချနေမှုများ ရှိနေကြောင်း သိရသည်။

စပါးတင်ပို့မှုကို နိုင်ငံတော် အစိုးရကလည်း တရားဝင် ခွင့်ပြုထားခြင်း မရှိသကဲ့သို့ ဥပဒေအရလည်း အရေးယူခံရခြင်းများ ရှိနိုင်သည်။

ထို့ကြောင့် ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) အနေဖြင့် စပါးတင်ပို့ ရောင်းချနေမှုများသည် တရားမဝင်ကြောင်းနှင့် စပါးတင်ပို့ရောင်းချနေမှုများ အားလည်း အထူးတားမြစ်ပါကြောင်း သတိပေး နှိုးဆော်ထားသည်။

တရားမဝင် ရောင်းဝယ်ဖောက်ကား နေသူများအားလည်း သတိပေး တိုင်ကြားမှုများ  ရှိလာပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသခံ အာဏာပိုင်များနှင့် လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေး နှိုးဆော်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အား ၂၀၁၈ခု နှစ် အောက်တိုဘာ ၅ ရက်တွင် ကျင်းပသော  ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၀၇၃/၂၀၁၈-၂၀၁၉) ၏ ဆုံးဖြတ်ချက်အရ အသင်းသား၊ အသင်းသူများ သိရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စပါးထွက်ရှိရာ ဒေသများတွင် စပါးပေါ်ချိန်၌ အိမ်နီးချင်းနိုင်ငံမှ ကုန်သည်များက ဒေသထွက်စပါးများကို ဝယ်ယူပြီး တရားမဝင် တင်ပို့ကုန်သွယ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ တင်ပြလာကြောင်း သိရသည်။

အဆိုပါ စပါးများ တရားမဝင် ကုန်သွယ်တင်ပို့မှုများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့်  နိုင်ငံတော် အစိုးရသို့ တင်ပြထားခဲ့ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတရုံးမှလည်း ပြည်ပသို့ နယ်စပ်မှတစ်ဆင့် စပါးများ တရားမဝင်တင်ပို့မှုနှင့် ပတ်သက်၍ ဥပဒေအရ တားဆီးအရေးယူ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည်။

ယခုနှစ်တွင် မိုးစပါး ကောက်စောစပါးပေါ်သည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတွင် ရာသီစ ကောက်သစ် စပါးများအား နေ့စဉ်တင်းသောင်းချီ မြို့နယ်အသီးသီးမှ  တရားမဝင် ဝယ်ယူတင်ပို့မှုများ ဖြစ်ပေါ်နေ၍ ဒေသခံ ဆန်စက်လုပ်ငန်းရှင်များ အသင်းများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း  ထပ်မံတင်ပြလာကြောင်း သိရသည်။

ယင်းကဲ့သို့ စပါးများ တရားမဝင် ထွက်ရှိနေမှုအား ထိရောက်စွာ အရေးယူ ကိုင်တွယ်နိုင်ခြင်း မရှိပါက စျေးနှုန်းဖျက်၍ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် ပြည်တွင်းဆန်စပါး စျေးကွက်အပေါ် ထိခိုက်ခြင်း၊ စပါးစျေးနှုန်း ဆန်စျေးနှုန်း ကြီးမြင့်လာစေခြင်း၊ ပြည်တွင်းဆန်စက်အချို့ လုံးဝရပ်နားရမည့် အခြေအနေ ဖြစ်လာခြင်း၊ ဆန်ထွက်ကုန်ကြမ်းများနှင့် ပတ်သက်၍ ဆက်နွယ်လုပ်ကိုင်နေသည့် ကြက်မွေးမြူရေး၊ ငါး၊ နွားမွေးမြူရေး လုပ်ငန်းများ လျော့ကျစေခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။