၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးရာထူးအရ လုပ်ပိုင်ခွင့်အာဏာ ရှိသူများ၏ ပိုင်ဆိုင်မှုများအား ကြေညာနိုင်ရန် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးရာထူးအရ လုပ်ပိုင်ခွင့်အာဏာ ရှိသူများ၏ ပိုင်ဆိုင်မှုများအား ကြေညာနိုင်ရန် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 October 2018
နေရိုင်း၊ အောင်မင်းသိန်း

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးရာထူးအရ လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ပိုင်ဆိုင်မှုများ အားကြေညာနိုင်ရန် အတွက် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်နှင့် ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

၎င်းက “အဂတိကလည်း အဲဒါကို တော်တော်လေး တွန်းနေတယ်။ အစိုးရဘက်ကလည်း သမ္မတကြီးရော၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရော အဂတိကို အရမ်းတွန်းအားပေးပြီးတော့ ဒါတွေကို မြှင့်တင်ဆောင်ရွက်ဖို့လုပ်တော့ ၂၀၂၀ လို့ သူတို့က မှန်းထားတယ်ပေါ့။ ၂၀၂၀ ကျတော့ အဲဒီ လုပ်ပိုင်ခွင့် အာဏာရှိသူဆိုတာ သတ်မှတ်ချက်တစ်ခု ကျွန်တော်တို့လိုမယ်။ လုပ်ပိုင်ခွင့်အာဏာရှိသူက လက်တွေ့မှာ မြေစာရင်းတို့ဘာတို့ သိပါလိမ့်မယ်။ မြေစာရင်းတို့ ဘာတို့ဆိုရင် ဟိုးအောက်ခြေမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ပိုက်ဆံတွေ အများကြီးရတာ ရှိတယ်။ ဒါမျိုးတွေပေါ့။ အဲဒီတော့ တကယ်တမ်းက ဘယ်သူ၊ ဘယ်ဝါကို ထိန်းချင်တာလဲ။ ကျွန်တော်တို့က တကယ့်မူနဲ့ လုပ်မှရမယ်။ အဲဒါတွေလည်း အမြန်ဆုံးတော့ လုပ်နေပါတယ်။ အဂတိနဲ့ ညှိနှိုင်းပြီး လုပ်နေတယ်။ အဲဒါက သူတို့ရဲ့ ရည်မှန်းချက်က ၂၀၂၀ လို့ ပြောတယ်။ အဲဒီ ၂၀၂၀ မှာတော့ ဒါမျိုးတွေ ကြေညာနိုင်အောင်တော့ လုပ်သွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။

အောက်တိုဘာ ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဂတိလိုက်စားမှုတိုက် ဖျက်ကော်မရှင်မှ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေး ရာထူးရှိသူများ၏ ပိုင်ဆိုင်မှုစာရင်းများအား ကြေညာနိုင်ရန် ကြိုးစားနေမှုအပေါ် အဆင့်မြင့် ရာထူးများဖြစ်သည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် ရာထူးရှိသူများ၏ ပိုင်ဆိုင်မှု စာရင်းများအား ထုတ်ပြန်သွားရန် သို့မဟုတ် ကောက်ယူစာရင်းပြုစုရန် ရှိသလားဆိုသည့် သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဌေးက “အဓိက,က အဂတိက ပြောတာက ၂၀၂၀ မှာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ လူတွေရဲ့ ပိုင်ဆိုင်မှု ကြေညာဖို့ ကျွန်တော်တို့က နိုင်ငံရေးရာထူးအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေက သူတို့ရဲ့ တစ်စီးတစ်ပွားတည်း ပိုင်ဆိုင်မှုတွေကို ပြည်ထောင်စုလွှတ်တော် နာယကဆီကို ပေးပို့ရတယ်။ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ၊ ဒုသမ္မတတွေ ပို့တာပေါ့။ နောက် တစ်ခုက ကက်ဘိနက်မှာရှိတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ နောက်ပြည်နယ်၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ နောက်ပြီးတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ၊ သူတို့လည်း တစ်စီးတစ်ပွားတည်း ဟာတွေကို ပိုင်ဆိုင်မှုတွေ ဖော်ပြပြီးတော့ သမ္မတဆီကို ပေးရတယ်။ ဒါက ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပေးရတာပေါ့။ အဲဒီတော့ အခုအဲဒီမှာ ပိုင်ဆိုင်မှုအရ မပါတာက သူကဘာကို ဆိုလိုချင်တာလဲဆိုတော့ အဂတိကော်မရှင်က ပြောတယ်၊ ၂၀၂၀ ကျရင် လုပ်ပိုင်ခွင့် အာဏာရှိတဲ့ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့၊ ကြေညာဖို့ဆိုတော့ အဲဒီတော့ အဂတိနဲ့လည်း ကျွန်တော်တို့က ဆွေးနွေးနေတယ်။ ဝန်ကြီးဌာနတွေလည်း ဆွေးနွေးတယ်။ အဲဒီတော့ Definition လိုတယ်။ အဓိပ္ပာယ် ဖွင့်ဆိုချက်က လုပ်ပိုင်ခွင့် အာဏာရှိသူကို ဘယ်လို Define လုပ်မလဲဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ ဘက်မှာလည်း ဆွေးနွေးနေတယ်။ ဘာလို့လဲဆိုတော့ ဥပမာ ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ညွှန်မှူး၊ ဒုညွှန်မှူး၊ လက်ညွှန် စသည်ဖြင့်ပေါ့ အမျိုးမျိုး ရှိတယ်။ တကယ် လုပ်ပိုင်ခွင့်အာဏာက ဥပမာဆိုရင် ခရိုင်မှာဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးက သူက လုပ်ပိုင်ခွင့် ဥပဒေအရရှိတယ်။ တချို့ကျပြန်တော့ ပြည်နယ်တွေမှာ ဦးစီးမှူးလောက်က လုပ်ပိုင်ခွင့် တိုင်းဒေသကြီး၊  ပြည်နယ်တွေမှာ ရှိတယ်။ သို့သော် ဒီဗဟိုရုံးတွေမှာကျ ရှိချင်မှရှိတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့ ဒီမှာ နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံး ညွှန်ချုပ်လိုပေါ့၊ လုပ်ပိုင်ခွင့်ရှိလား ဆိုတော့ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ပြောရရင်တော့ ကျွန်တော်က လူကြီးဆီတင်ပြတယ်။ လူကြီးရဲ့ လမ်းညွှန်ချက်ကို ပြန်ပြီးတော့ အောက်ကိုပြန်ပြီးတော့ ပြန်ပို့ရတယ်။ တကယ်တမ်း လုပ်ပိုင်ခွင့်ရှိတဲ့ DG တွေ၊ MD တွေ ရှိတယ်။ အဲဒီတော့ ဒီအပေါ်မှာလည်း ကျွန်တော်တို့က နည်းနည်းလေး ဆွေးနွေးရမယ်။ အဲဒီတော့ တချို့ဟာကျတော့ ရာထူးအရတော့ မရှိဘူး။ တချို့ဝန်ကြီးဌာနတွေမှာ လုပ်ပိုင်ခွင့် ရှိနေတဲ့ သူတွေလည်းရှိတယ်။ ဆိုတော့ အဲဒီလုပ်ပိုင်ခွင့်ရှိ သောသူတွေရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာဖို့၊ ရာထူးနဲ့ ဖြတ်ချမှာလား၊ ရာထူးနဲ့ဖြတ်ချရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဆက်ပြီးတော့ ဆွေးနွေးမှုတွေ ရှိပါတယ်။ အဲဒီတော့ အဂတိကော်မရှင်က ဘယ်လောက်အထိမှန်းလဲ၊ ဒုညွှန်မှူးနဲ့အထက်ကို လုပ်ပိုင်ခွင့်ရှိသူလို့ သူတို့က အဆိုပြုတာမျိုး ရှိတယ်။ ဒါပေမဲ့လက်တွေ့မှာ ဒုညွှန်မှူးအဆင့် မရသော်လည်းပဲ တကယ်လုပ်ပိုင်ခွင့် ရှိနေသူတွေ ရှိကြတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent