၂၀၁၈ ခုနှစ် နွေကာလ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် မဂ္ဂါဝပ် ၃၂၉၀ ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့တွင် မဂ္ဂါဝပ် ၁၃၇၀၊ မန္တလေးမြို့တွင် မဂ္ဂါဝပ် ၅၅၀ ကျော်အထိ သုံးစွဲမှုရှိနေ

၂၀၁၈ ခုနှစ် နွေကာလ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် မဂ္ဂါဝပ် ၃၂၉၀ ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့တွင် မဂ္ဂါဝပ် ၁၃၇၀၊ မန္တလေးမြို့တွင် မဂ္ဂါဝပ် ၅၅၀ ကျော်အထိ သုံးစွဲမှုရှိနေ
Published 8 April 2018

၂၀၁၈ ခုနှစ် နွေကာလတွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် မဂ္ဂါဝပ် ၃၂၉၀ အထိရောက်ရှိခဲ့ပြီး ရန်ကုန်တွင် မဂ္ဂါဝပ် ၁၃၇၀၊ မန္တလေးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်အထိ သုံးစွဲမှုရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ သုံးနှစ်အတွင်း မတ်လ၌ အသုံးပြုခဲ့သည့် အမြင့်ဆုံးလျှပ်စစ်ပမာဏများမှာ ၂၀၁၆ ခုနှစ်တွင် ၂၆၇၃ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၂၈၈၉ မဂ္ဂါဝပ်၊ ၂၀၁၈ ခုနှစ် မတ်လတွင် ၃၂၉၀ ဒသမ ၈ မဂ္ဂါဝပ်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မတ်လ ကာလတူချင်း နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ထက် ၂၁၆ မဂ္ဂါဝပ်၊ ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ထက် ၄၀၁ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်တွင် ၆၁၇ မဂ္ဂါဝပ် တိုးမြင့်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ၃၁၈၉ မဂ္ဂါဝပ်အထိရှိခဲ့ကာ ပြီးခဲ့သည့်ဒီဇင်ဘာမှ ဖေဖော်ဝါရီလဆန်းအထိ ရာသီဥတုအခြေအနေကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ကျခဲ့ပြီး ဖေဖော်ဝါရီလဆန်းအထိ မဂ္ဂါဝပ် ၂၇၀၀-၂၈၀၀ ဝန်းကျင်သာ ထုတ်လုပ်မှုရှိခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီဒုတိယပတ်မှစတင်ကာ ဒေသအချို့တွင် ရာသီဥတုပူပြင်းလာခဲ့ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုများလည်း မြင့်တက်ခဲ့ကာ အမြင့်ဆုံးဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ ကျော် ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၂၀၀ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၁၃၇၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်၊ အခြားဒေသများတွင် မဂ္ဂါဝပ် ၁၂၀၀ ကျော် သုံးစွဲလျက်ရှိပြီး ရန်ကုန်၊ မန္တလေးဒေသသုံးစွဲမှု၏ ၃၅-၄၀ ရာခိုင်နှုန်း၊ အခြားဒေသသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးများဖြစ်သည်။

မြန်မာနိုင်ငံတွင် မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၅၈၈ သန်းမီးရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်။ မြို့အနေဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်မှ မြို့ပေါင်း ၃၅၀ မီးရရှိပြီး အခြားနည်းလမ်းဖြင့် ကျန် ၁၃၂ မြို့ မီးရရှိထားသည်။ ကျေးရွာများအနေဖြင့် ၆၃၇၃၇ ရွာရှိသည့်အနက် ၃၂၂၂၈ ရွာမီးရရှိပြီး ၃၁၅၀၉ ရွာကျန်ရှိနေသေးကြောင်း သိရသည်။

မီးသုံးစွဲမှုအများဆုံး တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲသူအိမ်ထောင်စု ၁ ဒသမ ၅၈ သန်းအနက် ၁ ဒသမ ၃ သန်းမီးရရှိပြီး ၀ ဒသမ ၂၈ သန်းမီးရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင်လည်း မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်းအနက် ၀ ဒသမ ၇ သန်းမီးရရှိပြီး ၀ ဒသမ ၆၂ သန်း မီးရရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent