အလုပ်အကိုင် ဖန်တီးနိုင်ရေး၊ ပြည်သူလူထုချမ်းသာကြွယ်ဝရေးနှင့် သဘာဝသယံဇာတပေါကြွယ်ဝမှု ထိန်းသိမ်းရေးကိုဦးတည်သည့် စီးပွားရေးတစ်ခုဖြစ်လာစေရန် ကြိုးစားနေကြောင်း ဒုသမ္မတ ပြောကြား

အလုပ်အကိုင် ဖန်တီးနိုင်ရေး၊ ပြည်သူလူထုချမ်းသာကြွယ်ဝရေးနှင့် သဘာဝသယံဇာတပေါကြွယ်ဝမှု ထိန်းသိမ်းရေးကိုဦးတည်သည့် စီးပွားရေးတစ်ခုဖြစ်လာစေရန် ကြိုးစားနေကြောင်း ဒုသမ္မတ ပြောကြား
Published 7 February 2018

နေပြည်တော်ရှိ MICC-2 တွင် ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် အာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာန စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးပြုလုပ်စဉ်

အလုပ်အကိုင်ဖန်တီးနိုင်ရေး၊ ပြည်သူလူထုချမ်းသာကြွယ်ဝရေးနှင့် သယံဇာတပေါကြွယ်ဝမှု ထိန်းသိမ်းရေးကို ဦးတည်သည့် စီးပွားရေးတစ်ခုဖြစ်လာစေရန် ကြိုးစားနေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နေပြည်တော်ရှိ MICC-2 တွင် ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် အာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာန စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေး၌ ဒုတိယသမ္မတဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတက “အလုပ်အကိုင်ဖန်တီးနိုင်ရေး၊ ပြည်သူလူထုချမ်းသာကြွယ်ဝရေး၊ သဘာဝသယံဇာတ ပေါကြွယ်ဝမှုထိန်းသိမ်းရေးတို့ကိုဦးတည်တဲ့ စီးပွားရေးတစ်ခုဖြစ်လာစေဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကြောင့် ထိခိုက်ခံစားမှုများလာသည့်အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုပုံဖော်နိုင်ရန် မူဝါဒနှင့် မဟာဗျူဟာအသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

“အစိမ်းရောင် စီးပွားရေးမူဝါဒမူဘောင်မှာ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်နိုင်ဖို့ ဦးစားပေးနယ်ပယ်တွေသတ်မှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝသယံဇာတပေါကြွယ်ဝမှုကို ကာကွယ်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်ပါတယ်” ဟု ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်တို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်၊ ချမ်းသာကြွယ်ဝရန်နှင့် အသက်ရှည်နေထိုင်ရန်အတွက် ကောင်းမွန်စွာလည်ပတ်နေသည့် ဂေဟစနစ်များပေါ်တွင် မူတည်နေကြောင်း ဒုတိယသမ္မတကဆိုသည်။

အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖတ်ကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့သည့် သဝဏ်လွှာတွင် အစိမ်းရောင်စီးပွားရေးဖော်ဆောင်နိုင်ရန် သုတေသနလုပ်ငန်းများနှင့် နည်းပညာသစ်များ တီထွင်ကြံဆခြင်းနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍသစ်များကို အလေးထားဖော်ဆောင်ခြင်းဖြင့် ဒေသတွင်းသဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပါရှိသည်။

Most Read

Most Recent