၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် UNFC အနေဖြင့် NCA ၌ ပါဝင်လက်မှတ်ရေးထိုးပြီး တက်ရောက်လာမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယုံကြည်မှုရှိနေကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် UNFC အနေဖြင့် NCA ၌ ပါဝင်လက်မှတ်ရေးထိုးပြီး တက်ရောက်လာမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယုံကြည်မှုရှိနေကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 10 August 2017

သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့၌ စတင်ပြုလုပ်သော ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် UNFC အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးကာ တက်ရောက်လာမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုရှိနေကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ရန်ကုန်မြို့တွင် သြဂုတ် ၁၀ ရက်က ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆဋ္ဌမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ သြဂုတ် ၁၀ ရက်တွင် စတင်ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဆိုပါတွေ့ဆုံပွဲ အဖွင့်အမှာစကားတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံတော်မှာ လိုအပ်ချက်ဖြစ်နေတဲ့အားလုံးဟာ အခြေခံအုတ်မြစ်သည် ငြိမ်းချမ်းရေးဆိုတာ သဘောပေါက်လာကြပါပြီ။ နိုင်ငံတကာကလည်း အမြဲတမ်းတွေ့တိုင်း ငြိမ်းချမ်းရေးအ ခြေအနေဘယ်လိုရှိသလဲ။ ကျွန်တော်တို့က နံပါတ်တစ်က ငြိမ်းချမ်းရေးမှာယုံကြည်မှုပေါ့။ တစ်ဖက်နဲ့တစ်ဖက် ရင်းနှီးမှုယုံကြည်မှု၊ ဒါပေမဲ့ မတူကွဲပြားတဲ့အချက်လည်း ရှိသေးတယ်။ လိုအပ်ချက်လည်း ရှိသေးတယ်၊ ညှိရမှာပဲ။ ကျွန်တော်တို့ပြောခဲ့ကြပါတယ်။ အဲဒီတော့ သူ့ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) အနေနဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီကခေါင်းဆောင်တွေအမှူးပြုပြီးတော့ မကြာခင်စတင်မယ့်  ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ပေါ့နော်။ ငြိမ်းချမ်းရေးညီလာခံမှာတော့ ဒီကကိုယ်စားလှယ်တွေအားလုံး လက်မှတ်ရေးထိုးပြီးတော့ ပါဝင်နိုင်လိမ့်မယ်လို့ သူကတော့ တော်တော်လည်းကို ပြင်းပြင်းပြပြ ယုံကြည်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ကျွန်တော် တို့နှစ်ဖက်နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ပြီးတော့ အားလုံးမျှော်လင့်၊ အားလုံးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းမှာ အားလုံးပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီတော့ ဒီကလူကြီးမင်းများကို ထပ်မံပြီးတော့ ကျေးဇူးတင်စကားပြောကြားပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံး မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းမှာ အတူတကွပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပါတယ်” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ပြီး DPN ဘက်မှ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်ဦးဆောင်ကာ ကျန်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး UNFC ၏ အဆိုပြုချက်ရှစ်ချက်အပေါ် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးသည့် တစ်ချိန်တည်းတွင် မပြေလည်သည့်ကြားမှ မြေပြင်တွင် အဆင်မပြေမှုများသည် နိစ္စဓူဝလိုတွေ့ကြုံနေရကြောင်း၊ ဥပမာအားဖြင့် စစ်ရေးအရ အဆင်မပြေမှုများအား ဒေသအတွင်းတွင် မိမိအစီအစဉ်ဖြင့် နှစ်ဖက်ညှိနှိုင်း၍ တိုးတိုးတိတ်တိတ်ဖြင့် အထက်သို့မရောက်အောင် ညှိနှိုင်းဖြေရှင်းခြင်းများရှိကြောင်း၊ ထိုသို့မြေပြင်တွင် ဒုက္ခသုခများရင်ဆိုင်နေရသည်ကို အထက်ကလူများ မသိသကဲ့သို့ အထက်တွင်လည်းယခုကဲ့သို့ စားပွဲဝိုင်း၌ ထဲထဲဝင်ဝင် ညှိနှိုင်းအဖြေရှာရန် ကြိုးစားနေသည်ကိုလည်း အောက်ခြေတွင်ရှိသည့်အရာရှိ၊ အာဏာပိုင်များကလည်း အလုံးစုံမသိကြောင်း၊ အဆိုပါကိစ္စရပ်သည် အထက်နှင့်အောက်ကြားတွင် အချိတ်အဆက်ပြတ်နေသည်ကို ငြင်း၍မရကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။

“ဒီနေရာမှာ ကျွန်တော်တို့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရတဲ့အကြောင်းအရာလေး နည်းနည်းလေးကို ဘာကြောင့် အဲဒီလိုအချိန်အကြာကြီး ညှိနှိုင်းလို့ အဆင်မချောနိုင်လဲဆိုတဲ့ဟာကို ကျွန်တော်တို့အချင်းချင်း ကိုယ်စီကိုယ်စီ ပြန်လည်သုံးသပ်ပြီးတော့ တူညီနိုင်မယ့်နည်းလမ်းနဲ့ အတူတကွသွားနိုင်မယ့် လမ်းကြောင်းကို ကျွန်တော်တို့ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းအဖြေရှာကြရင်ကောင်းမယ်လို့ ကျွန်တော်တို့ကတော့ အဲဒီလိုအမြင်ရှိပါတယ်။ ဒါကြောင့် ဥပမာ ထင်သာမြင်သာဖြစ်တာတစ်ခုကတော့ သတင်းမီဒီယာတွေမှာလည်းပဲ ဖော်ပြတာတွေ့ရပါတယ်။ တချို့ကပြောကြတယ် တစ်ချက်ပဲကျန်ခဲ့တယ်၊ နှစ်ချက်ပဲ ကျန်တော့တယ် စသဖြင့်ပေါ့။ ဘယ်နှချက်ပဲကျန်ကျန် ကျွန်တော်တို့ ဆွေးနွေးတာရှစ်ချက်၊ တစ်ချက်ကျန်ရင်လည်းပဲ ရှစ်ချက်သဘောမတူသလိုပဲ ဖြစ်တယ်။ ရှစ်ချက်လုံးသဘောမတူရင်လည်း ရှစ်ချက်လုံး မကျေလည်ဘူးဆိုတာကိုပဲ အဓိပ္ပာယ်ပေါက်ပါတယ်။ ဒါကအဖြေပါပဲ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်အချက်ကတော့ ကျန်သေးတယ်၊ ဘယ်အချက်ကတော့ပြီးပြီလို့ ပြောတာထက်စာရင် တစ်ချက်ချင်း နှစ်ဦးနှစ်ဖက်လုံး တကယ်ပဲ  နားလည်မှုကတူညီနေပြီလား၊ ဝေါဟာရသုံးနှုန်းတာကို နှစ်ဖက်စလုံးက လက်ခံကြပြီလားဆိုတဲ့ဟာလေးကအစ ကျွန်တော်တို့က တစ်ချက်ချင်းစီကို ပြန်သွားချင်ပါတယ်။ ဆိုလိုတာကတော့ တကယ်ပဲ  တိတိပပနှစ်ဖက်စလုံးနား လည်မှုတူညီတယ်ဆိုတဲ့ဟာမျိုးက တကယ်ဟုတ်၊ မဟုတ် တစ်စိတ်တည်းသဘောနဲ့ သွားချင်တာဖြစ်ပါတယ်။ သို့မဟုတ်ရင် တစ်ကြိမ်ထိုင်ပြီးတိုင်း နောက်တစ်ကြိမ်ကျရင် ပြန်ပြန်ပြီးတော့ အဆင်မချောသလို ဝေါဟာရတစ်လုံးတည်းနဲ့ ပြန်ပြီးပြောတာမျိုးတွေကတော့ ဒါမဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ရှေ့ကိုရွေ့ရမယ့်အစား နောက်ကို ပြန်ပြန်ကျော့ရတဲ့ဟာက ကြန့်ကြာမှုကို ဖြစ်စေတယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့်မို့လို့ အထူးသဖြင့် ပြောလိုတာကတော့ ဝေါဟာရပိုင်းနဲ့ပတ်သက်လို့ အကျေအလည် နှစ်ဦးနှစ်ဖက်နားလည်မှု သဘောတူတဲ့ အနေအထားမျိုးနဲ့ လက်ခံနိုင်တာကို သေချာပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်” ဟု ခူဦးရယ်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ မူဘောင်အား ပြန်လည်သုံးသပ်ရာတွင် Parallel Framework Review လုပ်သည့်အခါ ညှိနှိုင်းဆွေးနွေးကြမည်ကို ပြောကြားခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် မည်သို့သွားမည်ကို ဆုံးဖြတ်ချက်ရသည်အထိ ညှိနှိုင်းရန်လိုကြောင်း၊ ပူးတွဲစောင့်ကြည့်လေ့လာသည့် ယန္တရားဖြစ်စဉ်တွင်လည်း လက်တွေ့မြေပြင်၌ ဖြစ်နေသည့် အခြင်းအရာများသည် မိမိတို့အတွက်လုံခြုံသည်ဟု မခံစားရသည့်အပြင် မျှတသည်ဟုမမြင်ကြောင်း၊  အဆိုပါအခြေခံအောက်တွင် နိုင်ငံတကာမှ တတ်သိပညာရှင်များ၊ အစိုးရကိုယ်စားလှယ်များကို လေ့လာသူအဖြစ်၊ အကြံပေးအဖြစ်၊ နည်းပညာအထောက်အကူပြုအဖြစ် လက်ခံကြမယ်ဟု NCA ပြဋ္ဌာန်းချက်တွင် ပြောခဲ့ကြသော်လည်း ယင်းကိစ္စရပ်နှင့်ပတ်သက်၍ မိမိတို့ဘက်မှ တင်ပြဆွေးနွေးနေသည်မှာ ၎င်းတို့အနေဖြင့် လေ့လာသူဆိုသည်မှာ မည်သို့အနေအထားမျိုးဖြင့် ပါဝင်လေ့လာခြင်း၊ အကြံပေးခြင်း၊ နည်းပညာအထောက်အကူပေးခြင်း စသည့်နည်းနာများကို နှစ်ဦးနှစ်ဖက်စလုံး သဘောတူလက်ခံသည့် အဆင့်ရရှိရန် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း ခူဦးရယ်က ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆွေးနွေးပွဲအား သြဂုတ် ၁၁ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို နေပြည်တော်တွင် မေလက ပြုလုပ်ခဲ့ပြီး ညီလာခံကို ခြောက်လတစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားရာ လာမည့် ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးကို နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာတွင် ပြုလုပ်ရန်လျာထားသည်။

Most Read

Most Recent