ကျောက်မျက်ကဏ္ဍကို လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နိုင်ရေးအတွက် MIC ဥက္ကဋ္ဌဦးဆောင်ကာ ဆွေးနွေးပြင်ဆင်လျက်ရှိပြီး လတ်တလောတွင် အမေရိကန်ကုမ္ပဏီများ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားနေ

ကျောက်မျက်ကဏ္ဍကို လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နိုင်ရေးအတွက် MIC ဥက္ကဋ္ဌဦးဆောင်ကာ ဆွေးနွေးပြင်ဆင်လျက်ရှိပြီး လတ်တလောတွင် အမေရိကန်ကုမ္ပဏီများ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားနေ
Published 10 August 2017

နေပြည်တော်တွင် ပြုလုပ်သည့် (၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြသထားသော ကျောက်မျက်များအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကျောက်မျက်ကဏ္ဍကို  လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC )ဥက္ကဋ္ဌဦးဆောင်ကာ ညှိနှိုင်းဆွေးနွေး ပြင်ဆင်လျက်ရှိကြောင်းနှင့် လတ်တလောတွင် အမေရိကန်ကုမ္ပဏီများက ကျောက်မျက်လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အမေရိကန်ကုမ္ပဏီများ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားနေမှုနှင့် ပတ်သက်ပြီး “အလားအလာရှိတာကတော့ ကျောက်မျက်ကဏ္ဍပေါ့။ ကျောက်မျက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ အမေရိကန် ကုမ္ပဏီတွေရှိတယ်။ အဲဒီလိုကဏ္ဍမျိုးကလည်း အစိုးရရဲ့မူနဲ့ဆိုင်တာပေါ့။ အစိုးရက ကျောက်မျက်ကဏ္ဍမှာ ဘယ်လောက်ထပ်ပြီး ဖွင့်မလဲပေါ့။ နောက်ပြီး  MIC ဥက္ကဋ္ဌ၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးဆောင်ပြီးတော့ ကျောက်မျက်ကဏ္ဍကိုလုပ်ငန်းတွေ ပိုပြီးချဲ့ထွင်နိုင်အောင် ညှိနှိုင်းဆွေးနွေး ပြင်ဆင်နေတာတွေ ရှိပါတယ်။ အဲဒါတွေပြီးရင်တော့ သူတို့ အင်အားကောင်းကောင်းနဲ့ ဝင်လာနိုင်ပါတယ်” ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဒါပေမဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုက Sanction ဖွင့်လိုက်လို့ ဝုန်းခနဲဝင်လာတာမျိုးတော့ မဖြစ်ဘူးပေါ့။ ဗီယက်နမ်နဲ့ ကျွန်တော်တို့နဲ့တူတယ်။ ဗီယက်နမ်က ၁၉၉၄ မှာ US Sanction ဖွင့်တယ်။ ၂၀၀၄ ကျမှ ရင်းနှီးမြှုပ်နှံမှုက ဟုတ်တိပတ်တိဝင်လာတယ်။ ၁၀ နှစ်လောက် အချိန်ယူရတယ်။ ဗီယက်နမ်က ၁၉၉၄ မှာ သန်း ၂၀၀ ကျော်ပဲရှိတယ်။ ၂၀၀၄ မှာ သန်းနှစ်ထောင်နီးနီး ဖြစ်လာတယ်။ ကျွန်တော်တို့က ၁၀ နှစ်လောက်တော့ အချိန်ယူစရာမလိုဘူး။ သို့သော်လည်း အားလုံးထင်သလို ချက်ချင်းကြီးတော့ ဝုန်းခနဲ အများကြီးရောက်လာနိုင်တဲ့အနေအထား မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အခြေခံဈေး ယူရို ၁၂ သန်းတန် ကျောက်စိမ်းတွဲအပါအဝင် တန်ဖိုးကြီးအတွဲများ ပါဝင်သော ကျောက်စိမ်းတွဲ ၆၅၆၁ တွဲနှင့် ကျောက်မျက်တွဲ ၃၂၆ တွဲ တင်ပြရောင်းချလျက်ရှိကြောင်းနှင့် ပြပွဲကို သြဂုတ်၂ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကျောက်မျက်တွဲများကို အခြေခံဈေးယူရို ၄၀၀၀ နှင့်အထက်၊ ကျောက်စိမ်းအချောထည် အတွဲများကို အခြေခံဈေးယူရို ၁၀၀၀ နှင့်အထက် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် တန်ဖိုးကြီးကျောက်စိမ်းတွဲများဖြစ်သည့် အခြေခံဈေး ယူရို ၁၂ သန်း သတ်မှတ်ထားသော အလေးချိန် ၆၄ ကီလိုဂရမ်ရှိ ကျောက်စိမ်းတွဲ၊ အခြေခံဈေးယူရို ၈ ဒသမ ၈ သန်းသတ်မှတ်ထားသော အလေးချိန် ၅၅ ကီလိုဂရမ်ရှိကျောက်စိမ်းတွဲ၊ အခြေခံဈေးယူရို ၃ ဒသမ ၈ သန်းသတ်မှတ်ထားသော အလေးချိန် ၄၃ ကီလိုဂရမ်ရှိ ကျောက်စိမ်းတွဲများကိုလည်း ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent