ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရ
Published 7 January 2018

ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးပြီး လူ ၈၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး မှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။ ယင်းမှတ်တမ်းများအရ ပေါက်ကွဲမှု ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၈၉ ဦး၊ သေဆုံးသူ ၂၁ ဦး စုစုပေါင်း ထိခိုက်သူ ၁၁၀ အထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် လအလိုက် နှိုင်းယှဉ်ရာတွင် သြဂုတ်လအတွင်း မိုင်းကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၅ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ခြေထောက်ဖြတ်ရသူ နှစ်ဦးရှိပြီး လအလိုက်နှိုင်းယှဉ်ရာတွင် အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် သြဂုတ် ၆ ရက်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်း-ဖားကန့်လမ်းမကြီးပေါ်ရှိ နန့်ဟိုင်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ သုံးဦး သေဆုံးခဲ့ကြောင်း၊ သြဂုတ် ၈ ရက်တွင် ဆင်ဘိုဒေသ တာဟိုးနားကျေးရွာမှ မောင်ဇော်မင်းလေးမှာ တောထဲတွင် ပွဲ့လျက်သွားရှာရာမှ မိုင်းနင်းမိပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ သြဂုတ် ၉ ရက်တွင် မြစ်ကြီးနား -တနိုင်း လီဒိုလမ်းမကြီးပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲကာ နှစ်ဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက် နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားလာသည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်နှစ်ကျော် ကာလအတွင်း မိုင်းပေါက်ကွဲမှု အကြိမ်ပေါင်း ၄၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား ဒဏ်ရာရသူ ၅၀၆ ဦးအနက် သေဆုံးသူ စုစုပေါင်း ၁၂၀ ရှိနေကြောင်း ပြည်နယ်ရဲစခန်း မှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။ မိုင်းပေါက်ကွဲမှုများမှာ ကိုယ်တိုင် မိုင်းထောင် ပေါက်ကွဲမှုများ၊ ရထားလမ်း၊ ကားလမ်း၊ အစိုးရ အဆောက်အအုံများနှင့် ဒေသခံများ တောတောင်အနီး လုပ်ငန်းခွင်များတွင် နင်းမိပေါက်ကွဲမှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက “မိုင်းနင်းဖြစ်စဉ်ကတော့ များတယ်။ ကျွန်တော်တို့ စာရင်းမှာတော့ ထိခိုက်တာ လူပေါင်း ၁၀၀ ကျော်ပေါ့။ အများအားဖြင့်တော့ တောသူတောင်သားတွေ များတယ်။ ထင်းခွေ၊ တောင်ယာတို့၊ တောထဲသွားတို့ပေါ့။ တခြားတွေကြောင့်လည်း သေဆုံးကြတာ ရှိပါတယ်။ ပေါက်ကွဲ အက်တွေနဲ့ ဖွင့်တာလည်း ရှိတာပဲ။ ဒါတွေကတော့ ဖြစ်စဉ်တွေ ပြန်ကြည့်မှပဲ ရနိုင်တော့မယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်တွင် လစဉ် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၆၂ ဦး ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း လစဉ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၂ ဦး သေဆုံးကာ ၅၂ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ် အစိုးရရုံး မှတ်တမ်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နောက်ဆုံးအချိန်အထိ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အရပ်သား မိုင်းထိဒဏ်ရာရသူ ၂၃၁ ဦး၊ သေဆုံးသူ ၅၈ ဦးအထိ ရှိကြောင်း၊ သေနတ်မှန် ဒဏ်ရာဖြင့် ဒဏ်ရာရ ၄၅ ဦး၊ သေဆုံးသူ ၃၆ ဦးရှိခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲဖြစ်စဉ်များတွင် ဒေသခံ ကျေးရွာပြည်သူများသည် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်စဉ်၊ သားငါးရှာ သွားရာလမ်းတစ်လျှောက်နှင့် ကျေးလက်ပြည်သူများ၏ ဝမ်းစာနှင့် သားငါးရှာ သွားရောက်စဉ် ပေါက်ကွဲမှုများ ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် တချို့သော ဒေသခံများမှာ ခြေလက်အင်္ဂါများ ချို့ယွင်းသွားခြင်း၊ မိသားစုများတွင် အဓိက အရေးပါသည့် မိသားစုဝင်များ ထိခိုက်မှုများကြောင့် မိသားစုအတွင်း စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများမှ သေချာစွာ စောင့်ကြည့် ထောက်ပံ့မှုများ မရှိခြင်းတို့ကြောင့် မိုင်းထိမိသားစုများတွင် စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ထောက်ပံ့မှု များစွာလိုအပ်နေကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ဆရာဦးမြင့်ဆွေက “ကျွန်တော်တို့ ဒေသမှာ ဒီနှစ်ပိုင်းက သိပ်မဖြစ်ဘူး။ အရင်နှစ်တွေက ဖြစ်သွားတာ ၂၀ ဦး ထိတယ်။ ရှမ်းဗမာက ခုနစ်ယောက် သေတယ်။ ကချင်တိုင်းရင်းသား လေးဦးသေတယ်။ တချို့လည်း မိုင်းဆင်ရင်း ကွဲတာပေါ့။ လူမှုဘ၀ ထိခိုက်ရုံမကဘူးလေ။ တချို့လည်း ဘဝပျက်သွားတာ။ လူနှစ်ယောက် ခြေဖြတ်ရတယ်လေ။ သေတာက လူငယ်ပိုင်းတွေဆိုတော့ မိသားစုတွေ၊ မိဘတွေက ကိုယ့်ဟာကိုယ် ပြန်ရှာစားရတာတွေ ရှိတယ်။ အခု မိုင်းကိစ္စဆိုနေတာက ကျွန်တော်တို့အထက်က လွဲပေါ၊ လွဲလားဘက်မှာ ကွဲနေတာ” ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၁ ဦးနှင့် ဒဏ်ရာရသူပေါင်း ၁၆၁ ဦးအထိရှိခဲ့ကြောင်း ERW/ Information သတင်းအချက်အလက် မှတ်တမ်းများအရ သိရသည်။ မြေမြှုပ်မိုင်း အန္တရာယ် အမြင့်ဆုံးပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၀ သေဆုံးကာ ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ပြီး ကလေးသူငယ် တစ်ဦး အပါအဝင် လူပေါင်း ၁၈ ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ တတိယအများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Most Read

Most Recent