အပြစ်မရှိဘဲ အချုပ်ခံရသူများမှာ အမှုဖြစ်စဉ် ပြီးဆုံးသွားပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးရကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

အပြစ်မရှိဘဲ အချုပ်ခံရသူများမှာ အမှုဖြစ်စဉ် ပြီးဆုံးသွားပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးရကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 27 October 2018
မင်းသူဝင်းထွဋ်

တရားရုံးများတွင် အမှုဖြစ်ပွားနေပြီး အပြစ်မရှိဘဲ အချုပ်ခံရသူများမှာ အမှုဖြစ်စဉ် ပြီးဆုံးသွားပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးရကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ပုသိမ်မြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၂၇ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရေးဝန်ထမ်းများ တွေ့ဆုံပွဲအပြီး နိဂုံးချုပ် အမှာစကားတွင် နိုင်ငံတော်သမ္မတက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပြစ်ဒဏ်ကျခံလိုက်ရတယ်။ ထောင်ထဲရောက်သွားတယ်။ ချုပ်ရက်က ခံစားခွင့်ရှိတော့ မကြာဘူး။ တချို့လွှတ်လိုက်ရတဲ့ အခါကျတော့ နှောင့်နှေးကြန့်ကြာသော မမှန်သော မမြန်သော အခါကျတော့ အပြစ်မရှိဘဲ သူ့ခမျာ အချုပ်ခံရတယ်။ အင်မတန်မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆုံးရှုံးတယ်။ အဲဒါတွေကို ကျွန်တော်တို့ မှန်မှန်နဲ့မြန်မြန် အချို့လည်း မြန်ပါတယ်။ ဥပဒေသမားများ သိပါတယ်။ ဥပဒေနဲ့အညီ ဖြေရှင်းရမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုကလည်း ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး။ အခွင့်အာဏာရှိလို့၊ လုပ်ပိုင်ခွင့်ရှိလို့၊ ရာထူးဂုဏ်သိမ် အရှိန်အဝါရှိလို့ ဝင်ရောက်စွက်ဖက်မှု ကင်းရမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် လွတ်လပ်တဲ့ တရားစီရင်ရေး ပေးထားတာ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီရဲ့ အချက်။ ဒါ့ကြောင့်မို့လို့ တရားရုံးမှာ ဥပဒေအရ အညီအမျှ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါကို အလေးနက်ထားပြီး ဘာလို့ဒီစကားကို ကျွန်တော်ပြောလဲ ဆိုတော့ တရားဥပဒေမှာ ဆောင်ပုဒ်ရှိပါတယ်။ ဥပဒေရရှိမှုဟာ အညီအမျှ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် တရားရုံးထုတ်များတွင် ရဲအချုပ်ကားဖြင့် အသုံးမပြုဘဲ ကိုယ်ပိုင်ကားများ အသုံးပြုမှုမှာ မဖြစ်သင့်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

“အချို့ကျမဟုတ်ဘူး။ ရာထူးဂုဏ်ရှိန်တွေကနေ လာတဲ့အခါကျတော့ တချို့ကျလည်း လုပ်ငန်းရှင် ဂုဏ်ပကာသန ငွေကြေးဓနနဲ့ လာတဲ့အခါကျတော့ တရားရုံးထုတ်မှာ ရဲအချုပ်ကားနဲ့မလာဘဲ ကိုယ်ပိုင်ကားနဲ့ လာတာတို့၊ တက္ကစီငှားပြီး လာတယ်တို့၊ ဒါမဖြစ်သင့်တဲ့ ကိစ္စတွေ။ ဒါမျိုးတွေ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြောမယ်ဆိုလို့ရှိရင် အကြောင်းတစ်ခုခု မညီညွတ်လို့ ထွက်ပြေးတိမ်းရှောင်သွားရင် အဲဒီဝန်ထမ်းတွေ အကုန်လုံးက တသီတတန်းကြီး တာဝန်ရှိရမှာ ဖြစ်ပါတယ်။ အားလုံးသိအောင် ပြောခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက တရားသူကြီးတို့ အနေနဲ့ တရားစီရင်တာ မှန်အောင် မြန်အောင်စီရင်ဖို့ လူ့အခွင့်အရေး ဆုံးရှုံးမှု မရှိစေရေး၊ ရဲအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းဦးစီးဌာန၊ ရဲဘက်ဆိုင်ရာ အဲဒီနေရာတွေကို လေ့လာကြည့်ရှုရမယ့် တာဝန်ရှိပါတယ်။ အဲဒါတွေ လေ့လာကြည်ရှုခြင်းဖြင့် လူ့အခွင့်အရေး မဆုံးရှုံးစေချင်ပါဘူး။ အပြစ်ရှိလို့ ပြစ်ဒဏ်ကျခံရတာကတစ်ပိုင်း လူသားဆန်မှု ချထားတဲ့အတိုင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ လူတစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က စေတနာသဒ္ဓါတရား ထက်သန်မှ ပေးမှရတာ မဟုတ်ဘူး။ လူသားတိုင်းဟာ မွေးလာကတည်းကရမယ့် မွေးရာပါ အခွင့်အရေး တစ်နည်းအားဖြင့် နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါလေးတွေကိုလည်း ကြည့်ရှုပေးစေချင်ပါတယ်။ နောက်တစ်ခုက အမှုကို စီရင်ဆုံးဖြတ်ချက် ကျွန်တော်တို့ အဂတိ ဥပဒေသမားတွေ တရားခံခိုင်လုံတဲ့ အထောက်အထား မရှိဘဲနဲ့ ထင်ကြေးနဲ့ အဖြေမပေးစေလိုပါ။ တစ်နည်းအားဖြင့် သံသယအကျိုးအရ တရားခံကို ခံစားခွင့်ပေးရမှာပါ။ သံသရ အကျိုးကို တရားခံဆီက ယူရမှာ မဟုတ်ပါဘူး။ တရားသူကြီးထံ ယူရမှာ မဟုတ်ပါဘူး။ ဒါကို အလေးနက်ထားပြီး လုပ်ရပါမယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ တရားရုံးများတွင် သိမ်းဆည်းပစ္စည်းများအား လေလံတင်ရမည့် ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုများ နည်းပါးစေရန် လျင်မြန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။                        

 

Most Read

Most Recent