အကောက်ခွန်နှုန်းထားများ တိုးမြှင့်မှုက ပြည်သူကို အကျပ်ရိုက်စေသလား

အကောက်ခွန်နှုန်းထားများ တိုးမြှင့်မှုက ပြည်သူကို အကျပ်ရိုက်စေသလား
Published 25 December 2017

ရန်ကုန်မြို့တွင်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ကို အောက်တိုဘာတွင် စတင်ကျင့်သုံးမည်ဟု ထုတ်ပြန်ခဲ့ပြီး တိုးမြှင့်ပြင်ဆင်သတ်မှတ်မည့် ကုန်စည်များ၏အကောက်ခွန်နှုန်းများကို ဖော်ပြခဲ့ရာ လူမှုကွန်ရက်အပါအဝင် စီးပွားရေးနယ်ပယ်အတွင်းမှ ဝေဖန်မှုများသော သောညံထွက်ပေါ်ခဲ့သဖြင့် အဆိုပါဖြစ်ရပ်အား ၂၀၁၇ ခုနှစ်၏ ထင်ရှားခဲ့သည့် စီးပွားရေးဆိုင်ရာ အကြောင်းအရာတစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်၏ ပြည်ပကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးရေးနှင့် အာဆီယံဒေသအတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူပြုစေရန်အတွက် ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ အကောက်ခွန်နှုန်း ဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ အမျိုးတူကုန်ပစ္စည်း  ခွဲခြားဖော်ပြသတ်မှတ်သည့် ပြင်ဆင်ချက်(၂၀၁၇) နှင့် အာဆီယံအမျိုးတူ ကုန်ပစ္စည်း ခွဲခြားဖော်ပြသတ်မှတ်သည့် စနစ်ပြင်ဆင်ချက်(၂၀၁၇)တို့ကို အခြေခံ၍ ရေးဆွဲထားသော မြန်မာ့အကောက်ခွန်နှုန်း စာရင်း ၂၀၁၇ (Customs Tariff of  Myanmar 2017) ကို မြန်မာနိုင်ငံနှင့် ကုန်သွယ်ခွင့်ပြုထားသော နိုင်ငံများအားလုံး ကျင့်သုံးဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း၊ အဆိုပါပြဋ္ဌာန်းသတ်မှတ်ချက်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍  စတင်အကျိုး သက်ရောက်စေရမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၉၆/ ၂၀၁၇)ဖြင့် စက်တင်ဘာ တတိယပတ် အတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ အရ အကောက်ခွန်နှုန်းတိုးမြှင့်မည့် ကုန်စည်အချို့တွင် ပြည်ပမှတင်သွင်းမည့် ဘိလပ်မြေ၊  အိမ်သုံးဆား၊ အသင့်သောက်သုံးနိုင်သည့် ကော်ဖီ (Instant Coffee) ၊ ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသော အသီးအနှံများ၊ ကြက်သွန်နီ/ ကြက်သွန်ဖြူ၊ ပန်းများ၊ ဂျုံမှုန့်၊ ငါးသေတ္တာ၊ သန့်စင်ပြီးသကြား၊ လက်ဖက်၊ ချည်ထည်ဖျင်ကြမ်း၊ ဝါအကြမ်း/ အချော၊ ချည်ခင်၊  အဲကွန်း၊ ပန်ကာ၊ လျှပ်စစ်ကား၊ ဂေါက်ကား၊  သတင်းစာစက္ကူ၊ ပရိဘောဂများ၊ ဘတ်စ်ကား နှင့် ကုန်တင်ယာဉ် (Bus and Truck) တို့ ပါဝင်ကြောင်း သိရသည်။

ပြင်ဆင်တိုးမြှင့်လိုက်သည့် အကောက်ခွန်နှုန်းမှာ ဘိလပ်မြေကို ယခင် တစ်ရာခိုင်နှုန်းမှ ယခု သုံးရာခိုင်နှုန်းသို့လည်းကောင်း၊ အိမ်သုံးဆားကို ယခင် ၁၀ ရာခိုင်နှုန်းမှ ယခု ရာခိုင်နှုန်း ၂၀ သို့လည်းကောင်း၊ အသင့်သောက် သုံးနိုင်သည့် ကော်ဖီ (Instant Coffee) ကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ရာခိုင်နှုန်း ၂၀ သို့ လည်းကောင်း၊ ပြည်တွင်းတွင်စိုက်ပျိုးထွက်ရှိသည့် အသီးအနှံများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ရာခိုင်နှုန်း ၃၀ သို့လည်းကောင်း၊ ကြက်သွန်နီ/ ကြက်သွန်ဖြူကို ယခင် ၀ ဒသမ ၅/ ၁ ရာခိုင်နှုန်းမှ ယခု ၁၀  ရာခိုင်နှုန်းသို့လည်းကောင်း၊ ပန်းများကို ယခင် ငါးရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပရိဘောဂများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ရာခိုင်နှုန်း ၂၀ သို့လည်းကောင်း၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို ယခင်သုံးရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်း (CBU) ၊ ၇ ဒသမ ၅ ရာခိုင်နှုန်း (CKD) သို့ လည်းကောင်း အသီးသီး ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

အိမ်သုံးလူစီးမော်တော်ယာဉ်များနှင့် ပတ်သက်၍ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ်များကို ယခင်က ရာခိုင်နှုန်း ၃၀ (CBU,CKD) ) ကောက်ခံရာမှ  ယခု မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ တွင် ရာခိုင်နှုန်း ၃၀ (CBU) နှင့် ၁၀ ရာခိုင်နှုန်း (CKD) သို့လည်းကောင်း၊ အိမ်သုံးလူစီး မော်တော်ယာဉ်များနှင့်ပတ်သက်၍ အင်ဂျင်ပါဝါ ၂၀၀၀ စီစီအထက်မော်တော်ယာဉ်များကို ယခင်က ရာခိုင်နှုန်း ၄၀ (CBU,CKD) ကောက်ခံရာမှ ယခု ရာခိုင်နှုန်း ၄၀ (CBU) ၊  ရာခိုင်နှုန်း ၂၀ (CKD) သို့ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်များနှင့်ပတ်သက်၍ ယခင် ၂၀၀၀ စီစီဖြင့်သတ်မှတ်ခဲ့ပြီး ပြည်တွင်းအခွန်မှသတ်မှတ်သည့် ၁၈၀၀ စီစီနှင့်တူညီမှု မရှိစေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် အစီးလိုက်တင်သွင်းမှုထက် ပြည်တွင်း၌ ထုတ်လုပ်မှုကို တိုးတက်စေလိုသည့်အတွက် CBU နှင့်CKD အား Rate ခွဲခြားသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတ်မှတ်ချက်အရ CBU (လက်ရှိ ကားတင်သွင်းစီးနင်းနေသည့်စနစ်) မှာ အကောက်ခွန်နှုန်း သတ်မှတ်ချက်ပြောင်းလဲမှု မရှိဘဲ CKD (Complete Knocked Down) စနစ်ဖြင့် တင်သွင်းသည့် ယာဉ်များအား အကောက်ခွန်နှုန်းလျှော့ချပေးခဲ့သည်ကို တွေ့ရှိရသည်။

တင်သွင်းမှုပမာဏများပြားသည့် ကုန်ပစ္စည်းဖြစ်ခြင်း၊ ပြည်တွင်း၌လည်း ထုတ်လုပ်နိုင်သည့် ထုတ်ကုန်ဖြစ်ခြင်း၊ သက်ဆိုင်ရာ အသင်းအဖွဲ့များက သဘောထားမှတ်ချက်ပေးခြင်း စသည့်အကြောင်းအရာများကြောင့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ တွင်  ကုန်စည်အချို့ကို အကောက်ခွန်နှုန်းတိုးမြှင့် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကောက်ခွန်နှုန်းပြင်ဆင် သတ်မှတ်မှုကြောင့် ပြည်ပမှတင်သွင်းသည့် အခြေခံ စားသောက်ကုန်အချို့ အကောက်ခွန်ပိုမိုပေးရမည် ဖြစ်သောကြောင့် တင်သွင်းသူများက ဈေးတိုးရောင်းချမည်ဖြစ်သဖြင့် စားသုံးသူ ပြည်သူများသာ ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

ထို့အတူ သတင်းစာစက္ကူများကို ယခင်ကောက်ခံသည့် အကောက်ခွန်နှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့တိုးမြှင့် ကောက်ခံမှုအပေါ် စာပေပညာရှင်၊ စီးပွားရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့က ချင့်ချိန်စွာ လုပ်ဆောင်သင့်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။

ထို့အတူ နိုင်ငံတကာတွင်  အခွန်နှုန်းများ လျှော့ချပေးပြီး သုံးစွဲသူများပြားလာအောင် လုပ်ဆောင်နေသည့် လျှပ်စစ်ကားများကို မြန်မာနိုင်ငံတွင် အကောက်ခွန်နှုန်းတိုးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ထိုသို့ အကောက်ခွန်နှုန်းထားများ ပြင်ဆင်ခြင်း၊ တိုးမြှင့်သတ်မှတ်ခြင်းအပေါ် ပြည်တွင်းထုတ်လုပ်သူများအတွက် အကာအကွယ်ပေးမှုဟု ရှုမြင်သူများရှိပြီး ပြည်ပမှတင်သွင်းသည့် အခြေခံစားသောက်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်လိုက်ခြင်းမှာ အခြေခံစားသုံးသူပြည်သူများကိုသာ ထိခိုက်စေသည်ဆိုသော ဝေဖန်မှုက ပိုများခဲ့ကြောင်း သိရသည်။

Most Read

Most Recent