ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထုထိခိုက်စေသည့်လုပ်ရပ်များ ဆောင်ရွက်သော မည်သည့်အဖွဲ့အစည်းကိုမဆို ရှုတ်ချကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်

ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထုထိခိုက်စေသည့်လုပ်ရပ်များ ဆောင်ရွက်သော မည်သည့်အဖွဲ့အစည်းကိုမဆို ရှုတ်ချကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်
Published 20 December 2017

ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရပြီး လုံခြုံမှုမရှိခြင်းကို ချင်းအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အထူးစိုးရိမ်ပူပန်ကြောင်း၊ ယင်းကဲ့သို့ ပြည်သူလူထုအားထိခိုက်စေသည့်လုပ်ရပ်များကို ဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကန့်ကွက်ရှုတ်ချပါကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများက သဘောထားကြေညာချက် ထုတ်ပြန်သည်။

ဒုတိယအကြိမ် ချင်းအရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲဆွေးနွေးပွဲမှရရှိလာသည့် ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားကြေညာချက်ကို ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်သည်။

ချင်းလူမျိုးများအစဉ်တစိုက် နေထိုင်လာသည့် နယ်မြေများကို ချင်းလူမျိုးများ ပိုင်ဆိုင်သည့်နယ်မြေအဖြစ် သတ်မှတ်ကြောင်း၊ ချင်းပြည်နယ်၏ နယ်နိမိတ်နှင့်ပတ်သက်၍ မှန်ကန်သည့် နယ်နိမိတ်ဖြစ်ပေါ်လာရေးအတွက် ချင်းပြည်နယ်အစိုးရ၊ သက်ဆိုင်ရာချင်း တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ အရေးတကြီး ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်းနှင့် ချင်းပြည်နယ်ရှိ ခိုင်ကမ်းမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့ဝင်မုခ်ဦးတည်ဆောက်မှုကို အနှောင့်အယှက်ပြုခြင်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အကြား ချစ်ခင်ယုံကြည်မှု ထိခိုက်စေနိုင်သဖြင့် အဆိုပါလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ချင်းလူမျိုးတိုင်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ချင်းလူမျိုး (သို့မဟုတ်) ချင်းမျိုးနွယ်စု အမည်မှန်ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူမျိုးအမည်မှားယွင်းခဲ့လျှင် လူမျိုးအမည်အမှန်သို့ သက်ဆိုင်ရာမှ ပြောင်းလဲပြုလုပ်ပေးရမည်ဖြစ်ကြောင်းနှင့် ချင်းလူမျိုးများအကြား စာပေနှင့် ဘာသာစကားမတူကွဲပြားမှုများကို အပြန်အလှန်လေးစားအသိအမှတ်ပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းဖော်ပြထားသည်။

ဆက်လက်၍ ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများစသည့် လှုပ်ရှားမှုများကို လွတ်လပ်စွာလုပ်ဆောင်နိုင်သည့် အခင်းအကျင်းဖြစ်ပေါ်လာအောင် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် အဂတိလိုက်စားမှုအမြင့်မားဆုံး ဖြစ်နေသည်ကို အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အထူးစိုးရိမ်ပူပန်ကြောင်း၊ ယင်းဖြစ်ရပ်များကို ချင်းပြည်နယ်အစိုးရမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းလည်း ဖော်ပြပါရှိသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲ၏ရလဒ်များကို ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ချင်းအရပ်ဘက်အဖွဲ့အစည်းများမှ ဆက်လက်သယ်ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ချင်းအရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် Internally Displaced People (IDP) နှင့် Refugees ဆိုင်ရာ၊ မြေယာဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် အခြားဆွေးနွေးလိုသည့် အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ် ချင်းအရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ချင်းပြည်နယ်ကန် ပက်လက်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ချင်းအရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ကိုယ်စားလှယ် ၁၅၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းများသည် ဒုတိယအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် (သို့မဟုတ်) အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်းတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဒေသများရှိ အရပ်ဘက်အဖွဲ့အစည်းများက မိမိတို့ဒေသတွင်း ပြည်သူလူထုများ၏အသံများ၊ အကြံပြုချက်များ စုစည်းခြင်းများအပါအဝင် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent