ဘင်္ဂါလီမျိုးသုဉ်း သတ်ဖြတ်မှုများ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အချက်အလက် ရှာဖွေရေး အကြီးအကဲက လုံခြုံရေးကောင်စီကို ပြောကြား

ဘင်္ဂါလီမျိုးသုဉ်း သတ်ဖြတ်မှုများ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အချက်အလက် ရှာဖွေရေး အကြီးအကဲက လုံခြုံရေးကောင်စီကို ပြောကြား
Published 25 October 2018
Ref: AFP

မြန်မာနိုင်ငံ၏ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များကို လူမျိုးသုဉ်း သတ်ဖြတ်မှုသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက လုံခြုံရေးကောင်စီသို့ အစီရင်ခံစာတင်ပြရာတွင် ထုတ်ဖော်ပြောကြားခဲ့ကြပြီး အဆိုပါပြဿနာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

ပဋိပက္ခသည် ဘင်္ဂါလီလူထုကို ၀ိုင်းပယ်ထားခြင်း၊ ကလေးမွေးဖွားမှုကို ပိတ်ပင်တားမြစ်ထားခြင်း၊ ဘင်္ဂါလီအသိုင်းအဝိုင်းတွင် အိုုးအိမ်ပစ်ပြေးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခြင်းတို့ ပါဝင်နေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုပင် ကျော်လွန်နေကြောင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ခေါင်းဆောင် မာဇူကီးဒါရုစ်မန်က ပြောကြားခဲ့သည်။

“လူမျိုးသုဉ်းသတ်ဖြတ်မှုဟာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “လူမျိုးသုဉ်းသတ်မှု ရည်ရွယ်ချက်ကို အကျိုးသင့် အကြောင်းသင့် ကောက်ချက်ချနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြရာတွင် မာဇူကီးဒါရုစ်မန်က ပြောကြားခဲ့သည်။

ဘင်္ဂါလီပြဿနာကို သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံးသို့ လွှဲပြောင်းပေးရန် သို့မဟုတ် ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်းကို အရေးယူခဲ့သည့်အတိုင်း အထူးခုံရုံးဖွဲ့ရန် လွန်ခဲ့သောလတွင် ပထမဦးဆုံးအကြိမ် အများပြည်သူသို့ ထုတ်ပြန်ပေးခဲ့သော စာမျက်နှာ ၄၄၄ မျက်နှာရှိ အစီရင်ခံစာက လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရမည်ဟု ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်က ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရသည့် လွန်ခဲ့သောနှစ်က ဖြိုခွင်းမှုတွင် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲပြောကြားမှုများအား မြန်မာအစိုးရက ငြင်းဆန်ခဲ့သည်။

ပဋိပက္ခတွင် ကျေးရွာ ၃၉၀ ခန့် ဖျက်ဆီးခံခဲ့ရပြီး ဘင်္ဂါလီ ၁၀၀၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု ဒါရုစ်မန်က ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ခံနိုင်ရည်ရှိရှိ ပြန်လာဖို့ အနေအထားတွေ အဆင်သင့် ရှိမနေပါဘူး” ဟု ၎င်းက သတိပေးခဲ့ပြီး ပြန်လာရန် ကြိုးပမ်းမှုမှန်သမျှသည် နောက်ထပ် သေဆုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

တာဝန်ခံမှုရှိရေးနှင့် ဘက်ပေါင်းစုံဆွေးနွေးမှုတို့သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးမဏ္ဍိုင်နှစ်ရပ်ဖြစ်သည်ဟု အောက်တိုဘာ ၁၀ ရက်မှ ၂၀ ရက်အထိ မြန်မာ အလည်အပတ် ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတိုင်းရှရိန်နာဘာ့ဂီနာက ပြောကြားခဲ့သည်။ “ယုံကြည်ရတဲ့ အချက်အလက် ရှာဖွေမှုဟာ တာဝန်ခံမှုအတွက် ပထမခြေလှမ်း ဖြစ်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

မြန်မာအစိုးရကမူ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ တွေ့ရှိချက်များကို ပယ်ချခဲ့ပြီး ယင်းအဖွဲ့၏လွတ်လပ်မှုကို မေးခွန်းထုတ်ခဲ့ကာ မြန်မာအစိုးရသည် အာရှသံတမန်များဖြင့် ဖွဲ့စည်းထားသော သီးခြား လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent