အစိုးရအသစ်နဲ့ အဟောင်းကြားက မီးလင်းရေးကော်မတီတွေ ရင်ဆိုင်နေရတဲ့ဒုက္ခ

အစိုးရအသစ်နဲ့ အဟောင်းကြားက မီးလင်းရေးကော်မတီတွေ ရင်ဆိုင်နေရတဲ့ဒုက္ခ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သည့် ကျေးလက်မီးလင်းရေး သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သည့် ကျေးလက်မီးလင်းရေး သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 21 October 2018
မင်းမင်းစိုး

ကျေးရွာမီးလင်းရန်အတွက် ခြောက်နှစ်ကြာ ကြိုးစားခဲ့ခြင်း၏ နောက်ဆုံးရလဒ်အနေဖြင့် ရမည်းသင်းခရိုင် ရွာတန်းတိုက်နယ်လေးတွင် လျှပ်စစ်မီး စတင်လင်းခဲ့ပြီ ဖြစ်သည်။ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လူနေမှုဘဝလွန်စွာ အဆင်ပြေလာသောကြောင့် ပျော်ရွှင်နေကြသော်လည်း မီးလင်းရေး ကော်မတီဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးအောင်နိုင်တစ်ယောက် မပျော်နိုင်ပါ။ ဖြစ်နိုင်လျှင် လွန်ခဲ့သော ခြောက်နှစ်ကို ပြန်သွားလိုက်ချင်ပြီး မီးလင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ ဌာနဆိုင်ရာများသို့ အကြိမ်ကြိမ်တင်ပြခြင်း၊ ကျေးရွာသူ ကျေးရွာသားများနှင့် အစည်းအဝေး အကြိမ်ကြိမ်လုပ်ပြီး ကျေးရွာမီးလင်းရေးအတွက် ကျားကုပ်ကျားခဲ အားထုတ်ခဲ့ရခြင်း စသည့်ကိစ္စရပ်များ အားလုံးကို ရပ်ပစ်ခဲ့့ချင် နေပါတော့သည်။

“ဥပဒေဆိုတာ ခဏခဏပြုလို့ ပြင်လို့ရတယ်လို့ မသိခဲ့ဘူးဗျ။ ဒီလိုမျိုး အစိုးရအသစ်နဲ့ အဟောင်းကြား လုပ်ပုံကိုင်ပုံ မတူဘူးဆိုရင် အဲဒီလို ဘယ်လုပ်ခဲ့မလဲဗျာ။ ရွာကတော့ မီးလင်းပါပြီ။ နောက်ဆက်တွဲ ပြဿနာတွေ ဘယ်လိုရှင်းရမလဲတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး” ဟု ဦးအောင်နိုင်က ပြောသည်။

မိတ္ထီလာမြို့နယ် အတွင်းရှိ မြာကျေးရွာသူ ကျေးရွာသားများမှာမူ ဦးအောင်နိုင်တို့ထက် အခြေအနေပိုဆိုးသည်။ မိမိတို့ကျေးရွာ မီးလင်းရေး လုပ်ဆောင်ရင်းမှ ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မလေးခုဖြင့် ရွာသား ၁၀ ဦး အမှုဖွင့် ခံထားရသည့်အပြင် လျှပ်စစ်မီး သွယ်တန်းပြီးပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုပဋိပက္ခ မပြီးမချင်း မီးဖြတ်တောက်ခံ နေရခြင်းဖြစ်သည်။

“မီးလင်းရေးအတွက် လူကြီးတွေ အကုန်စည်းဝေးပြီး လုပ်ကြတယ်။ ကတိတွေတည်ကြပေါ့။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့ ဘုန်းကြီးတို့လည်း စိတ်မချမ်းသာဘူး” ဟု မြာကျေးရွာမှ မြာတလိုင်းကျင်း ကျောင်းဆရာတော် ဦးဇောတိက,က မိန့်ကြားသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာတင် မီးလင်းရေး လုပ်ငန်းစဉ်များ အပြီးအပြတ် ဆောင်ရွက်နိုင်ခဲ့သော မီးလင်းရေး ကော်မတီများ အနေဖြင့် ယင်းကဲ့သို့ ပြဿနာများ ကြုံတွေ့ခဲ့ရခြင်း မရှိသော်လည်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကျေးရွာမီးလင်းရေး ကော်မတီ စတင်ဖွဲ့စည်းကာ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး ဦးဝင်းမြင့် အစိုးရလက်ထက်တွင် မီးစတင်လင်းသော ကျေးရွာအများစုတွင် ယင်းကဲ့သို့ မီးလင်းရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ရမည်းသင်းရှိ ကျေးရွာများတွင် ဖြစ်သည်။ မိတ္ထီလာတွင် ဖြစ်သည်။ နွားထိုးကြီးတွင် ဖြစ်သည်။ အမရပူရတွင် ဖြစ်သည်။ ပုသိမ်ကြီးမြို့နယ်များတွင် ဖြစ်သည်။ မန္တလေးတိုင်း အတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ကျေး လက်မီးလင်းရေးကိုယ်ထူကိုယ်ထဆောင်ရွက်သော ကျေးရွာများတွင် ယင်းပြဿနာဖြစ်ပွားနေခြင်း ဖြစ် သည်။ တိုးတိုးတိတ်တိတ် ကျိတ်ဖြေ ရှင်းသူနှင့် ဆူဆူပူပူ တုတ်ဆွဲ ဓားဆွဲ ဖြေရှင်းသူများသာ ကွာခြားသွား သည်။  ပြဿနာကတော့ အနည်းနှင့် အများ ဖြစ်ပွားနေဆဲသာ ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း။

ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေး

ကိုယ်ထူကိုယ်ထ ဆိုသည့် အဓိပ္ပာယ်ကို မြို့နေပြည်သူများ အနေဖြင့် ရင်းနှီးချင်မှ ရင်းနှီးမည် ဖြစ်သော်လည်း ကျေးရွာသူ ကျေး ရွာသားများအဖို့ ယင်းစကားရပ် ကိုကြားမိတိုင်း မဲ့ပြုံးပြုံးမိကြမည် ဖြစ်သည်။ မြို့တွင် လျှပ်စစ်မီးအရေး ဆောင်ရွက်သည်ဆိုသော စကားရပ် မှာ မီတာခဆောင်ခြင်းကို ဆိုလိုခြင်း သာဖြစ်သော်လည်း ကျေးရွာများ တွင် လျှပ်စစ်မီးအရေးဆောင်ရွက်သည်ဆိုခြင်းမှာ နဂိုအခြေအနေက ဓာတ်ကြိုးကိုကိုင်လျှင် ဓာတ်လိုက်သည်ဆိုသော အသိသာရှိသော သူများအနေဖြင့် မီးလင်းရေး ကော်မတီတွင် ဝင်ရောက် လုပ်ကိုင်ပြီးပါက လျှပ်စစ်အင်ဂျင်နီယာတစ်ဦး နီး ပါးပင် လျှပ်စစ်အခေါ်အဝေါ်များ ကို ကောင်းကောင်း နားလည်သွားသည်အထိ လျှပ်စစ်မီးတိုင်ထူသည် မှာ ဓာတ်အားခွဲရုံ တည်ဆောက်ရခြင်း၊ ထရန်စဖော်မာ တည်ဆောက်ရခြင်း အလယ်၊ မီးအားပေးခြင်း အဆုံးအထိ ဝင်ရောက်လုပ်ကိုင် ရခြင်းကြောင့်ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ ကျေးရွာများတွင် မီးလင်းရေးသည် ကိုယ်ထူကိုယ်ထ မီးလင်းရေးဖြစ်ပါသည်။ ဟုတ်ပါသည်။ ကိုယ်ထူကိုယ်ထ... ကိုယ့်ငွေနဲ့ကိုယ် လုပ်ဆောင်ရသော မီးလင်းရေး ဖြစ်သည်။

ဦးအောင်နိုင်တို့ ရမည်းသင်း၊ ရွာတန်းတိုက်နယ်ဖြစ်စဉ်ကို ပြန် ကြည့်ရအောင်ပါ။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ် ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း နှစ်ဆယ့်လေးရွာတိတိ ပါဝင်ကာ အိမ်ထောင်စုပေါင်း ၄၆၀၀ ကျော် တည်ရှိသည်။ ယင်းရွာတန်းတိုက် နယ်မီးလင်းရေးအတွက် ကော်မတီဖွဲ့ကာ မီးလင်းရေး စတင်လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမနှစ် တိုင်ထူ၊ ဒုတိယနှစ်တန်း၊ ကြွေသီးတပ်၊ တတိယနှစ် ဓာတ်အားခွဲရုံငယ်များ တည်ဆောက်၊ စတုတ္ထနှစ် မီးဆက်သွယ်ခြင်းစသော လုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်ရသော လေးနှစ်ကြာ စီမံကိန်းဖြစ်သည်။ ကျေးရွာနှစ်ဆယ့်လေးရွာ မီးလင်းရန်အတွက် ပင်မဓာတ်အားလိုင်းမှ ဓာတ်အားခွဲ သွယ်ယူရသည့် စရိတ်စက စုစုပေါင်းမှာ သိန်းတစ်သောင်းကျော် ကုန်ကျခဲ့ပြီး ယင်းကုန်ကျစရိတ်များကို အစိုးရချေးငွေ၊ သမချေးငွေများဖြင့် ချေးယူဖြေရှင်းခဲ့ရသည်။ မီးသွယ်တန်းစရိတ် ကုန်ကျမှု ပြန်လည်ရရှိရန်အတွက် ရွာတန်းအုပ်စု၊ နှစ်ဆယ့်လေးရွာအနေဖြင့် အချိုးကျ ခွဲတမ်းထည့်ဝင်ရမည်ဖြစ်ပြီး မီတာသွယ်လိုသူများ အနေဖြင့် မီတာတစ်လုံးလျှင် သုံးသိန်းခွဲနှုန်း ပေးသွင်းရန်လည်း သဘောတူပြီးဖြစ်သည်။ ယင်းကဲ့သို့ အားလုံး သဘောတူညီ ခဲ့ကြသော်လည်း မီးရရှိလာသောအခါ ရွာတစ်ရွာက ယင်းစည်းကမ်းချက်ကို သဘောမတူတော့သည့်နောက် ဦးအောင်နိုင် တစ်ယောက် မီးလင်းရေး ကော်မတီလုပ်ရသည်ကို စိတ်ကုန်သွားခြင်းဖြစ်သည်။

“အရင် မန်းတိုင်း လျှပ်စစ် ဝန်ကြီး ဦးကျော်မြင့်က ရွာမီးလင်း ရေးလုပ်ကြပါဆိုပြီး နှိုးဆော်တော့ ကျွန်တော်တို့က အဘ ကျွန်တော် တို့ မီးလင်းရေးလုပ်တာက ဟုတ် တယ်။ ကျွန်တော်တို့က ငွေတွေ အကုန်ခံပြီး ကိုယ်ထူကိုယ်ထစနစ် နဲ့  ပင်မဓာတ်အားလိုင်းကနေ ရွာကို ဓာတ်အားသွယ်ပြီဆိုပါတော့။ ကျွန် တော်တို့ကြားက ရွာတွေက ကျွန် တော်တို့ကို အသိမပေးဘ ဲ ကြားက ဖြတ်သုံးရင် ဘယ်လိုလုပ်ကြမလဲ လို့မေးတော့ ဦးကျော်မြင့်က အဲဒါ စိတ်မပူနဲ့။ ခင်ဗျားတို့ လုပ်စရာရှိ တာသာလုပ်ကြ။ ကျေးရွာတွေဟာ ကိုယ်ထူကိုယ်ထ မီးလင်းရေး လုပ်ရတာဖြစ်တဲ့အတွက် ၂၀၁၄ ပြည်ထောင်စု လျှပ်စစ်ဥပဒေ ပုဒ်မ  ၅၂ မှာ ပြဋ္ဌာန်းထားတာက ခွင့်ပြုမိန့် ရရှိသူ၏ ခွင့်ပြုချက် သဘောတူညီမှု မရဘဲ မည်သူမျှ မီးချိတ်ဆက်သွယ် တန်းခွင့်မရှိလို့ပြဋ္ဌာန်းထားတယ်။အဲဒီတော့ ခင်ဗျားတို့သွယ်ထားတဲ့ ဓာတ်ကြိုးကနေ ကြားက ဖြတ်သုံး မယ်ဆိုရင်တောင် ခင်ဗျားတို့ကို အသိပေးရမယ်။ ခွင့်ပြုချက်ယူရ မယ်။ ခင်ဗျားတို့ ကုန်ကျစရိတ်ကို အချိုးကျ ထည့်ဝင်ခိုင်းရမယ်ဆိုပြီး ဥပဒေနဲ့ပြတော့ ကျွန်တော်တို့လည်း ယုံယုံကြည်ကြည်နဲ့ လုပ်ကြတာပေါ့ဗျာ။ ဟော... အခုကျတော့ အဲဒီ ဥပဒေက မဟုတ်တော့ဘူးတဲ့။ အထက်က ညွှန်ကြားချက်အရဆို ပြီး ကျုပ်တို့ ဓာတ်အားခသွယ်တဲ့ စရိတ်ကို မထည့်ဝင်တဲ့ ရွာတန်း တိုက်နယ်အုပ်စုထဲက လက်ပန်ခါး (မြောက်) ရွာကို သူတို့သဘောနဲ့ သူတို့ လျှပ်စစ်မီး ဒီအတိုင်း ချိတ်ပေးလိုက်တယ်ဗျာ။ ကျွန်တော်တို့ ကန့်ကွက်တယ်။ ချိတ်ပေးတဲ့သူ၊ ချိတ်ပေးတဲ့ရွာကို တရားစွဲတယ်။ ဘာမှလုပ်မပေးကြဘူး။ အခု မီးလင်းရေးအတွက် ငွေတွေက အရစ်ကျ လိုက်ကောက်ရတာ အခုအထိ မကျေသေးဘူး။ လက်ပန်ခါး(မြောက်)ရွာတောင် ပိုက်ဆံတစ်ပြားမှ အကုန်မခံဘဲ ချိတ်သေးတာ။ ငါတို့က ဘာလို့ ဆက်ထည့်ရမှာလဲဆိုပြီး ရွာသားတွေက မထည့်ချင်ကြတော့ဘူး။ ကျွန်တော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ နဂိုတုန်းက ကျွန်တော်တို့ရွာအုပ်စုတွေက စည်းစည်းလုံးလုံး ရှိခဲ့ကြပေမယ့် အခုတော့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်ကုန်ကြပြီ။ သက်ဆိုင်ရာလူကြီးတွေ ဒီလိုဖြစ်စဉ်တွေ ဖြစ်ကုန်တာ သိရင်ကောင်းမယ်” ဟု ဦးအောင်နိုင်က ရင်ဖွင့်သည်။

ပြောင်းလဲသွားတဲ့ မူဝါဒ

NLD အစိုးရသစ်လက်ထက် မန္တလေးတိုင်းဒေသကြီး၏ ကျေးလက်မီးလင်းရေး မူဝါဒများတွင် ကျေးလက်ဒေသများရှိ ဓာတ်အား ဖြန့်ဖြူးရေးစနစ်များ အားလုံးသည် နိုင်ငံတော်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအောက်တွင်ရှိစေရန်၊ ကျေးရွာမီးလင်းရေးကော်မတီ၊ ပုဂ္ဂလိကများက တည်ဆောက်ပြီး သော ၃၃ ကေဗွီ၊ ၁၁ ကေဗွီဓာတ် အားလိုင်းများကို ဓာတ်အားပို့လွှတ်သည့်အချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရ မည်ဖြစ်ပြီး ယင်းဓာတ်အားလိုင်းမှ ထပ်ဆင့် ဓာတ်အားချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက နည်းပညာအရ စိစစ်၍ ခွင့် ပြုပေးနိုင်ကြောင်း ချမှတ်ထားခြင်း ဖြစ်ပြီး ယင်းမူဝါဒသစ်တွင် ကိုယ်ထူ ကိုယ်ထ ကျေးလက်မီးလင်းရေး ကော်မတီအနေဖြင့် လုပ်ပိုင်ခွင့် မရှိတော့သည်ကို တွေ့ရှိရသည်။

“ကျွန်တော်တို့အစိုးရရဲ့ မူဝါဒက ကျေးလက်ဒေသအားလုံး မီးလင်းရေး ဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းမှာ ကျေးလက်မီးလင်းရေးက ပြဿနာတော်တော် တက်ပါတယ်။ ဘယ်အချိန်မှာ ပြဿနာတက်သလဲဆိုရင် မီးလင်းသွားတဲ့ အချိန်မှာ ပြဿနာတက်တာ ဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ မီးလင်းရေး ကော်မတီရဲ့ သဘောတူညီချက်ရယူပြီးမှ မီးသွယ်တန်း ခွင့် ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဒေသခံများအနေနဲ့ စိတ်ဝမ်းမကွဲပြားဘဲ စည်းလုံးကြဖို့ပဲ ပြောချင်ပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီးလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က ပြီးခဲ့သော ခြောက်လပိုင်းက Eleven Media သို့ ဖြေကြားထားသည်။

မိတ္ထီလာမြို့နယ် မြာကျေးရွာတွင်လည်း ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာအုပ်စုနှင့် ဆင်တူ ရိုးမှားဖြစ်သည်။ မြာကျေးရွာ မီးလင်းရန်အတွက်  ဓာတ်အားသွယ်ခ မှာ သိန်းနှစ်ရာ့လေးဆယ်ခန့် ကုန် ကျသည်။ ယင်းအတွက် ရွာက နှစ် ကျပ်ခွဲတိုးဖြင့် စုပေါင်းချေးငှားပြီး မီးသွယ်လိုက်သည်။ မီးသွယ်လိုက် သောအခါ ဘေးရွာများကလည်း မီး လင်းချင်သည့်အတွက် ရွာသို့ လာညှိ နှိုင်းကြသည်။  ရွာကလည်း အချိုးကျ ထည့်ဝင်မည်ဆိုသောအခါ  သဘော တူသည်။ သို့ဖြင့် ဓာတ်အားသွယ်ခ စရိတ် သိန်းနှစ်ရာ့လေးဆယ်အား မြာ၊ ရဝေ၊ ရှမ်းတဲ၊ သဲကြီးကုန်းစသည့် ရွာလေးရွာ တစ်ရွာလျှင် သိန်းခြောက်ဆယ်နှုန်း ထည့်ဝင်ကြမည်ဟု ကတိပြုကြ သည်။ သို့သော်လည်း တချို့ရွာသားများသည် အစိုးရသစ် လက်ထက် မူဝါဒပြောင်းလဲသွား သည်ကို သတိထားမိသောကြောင့် လားမသိ၊  မူလသဘောတူညီချက်ကို ချိုးဖောက်ကာ အစိုးရသို့ တိုက်ရိုက်တင်ပြပြီး မီးလင်းရေးဆောင်ရွက်ရန် ကြိုးစားကြရာမှ  ငွေကုန်ကြေးကျခံ ဓာတ်အားဆွဲထားသော ရွာသားများနှင့် ထိပ်တိုက် တွေ့ဆုံကြခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ တာဝန်ရှိသူတွေက ကျွန်တော်တို့ မြာကျေးရွာကနေ တခြားရွာကို မီးအားလွှတ်ဖို့အတွက် လာကြတယ်။ ကျွန်တော်တို့က အချိုးကျ ငွေထည့်ပြီးမှ မီးအားလွှတ်ပေးဖို့ ပြောတာကို သူတို့က လက်မခံဘဲ ဇွတ်အတင်းသွယ်ဖို့ ကြိုးစားတော့ လူစုလူဝေးဖြစ်ပြီး ရုန်းရင်းဆန်ခတ် နည်းနည်းဖြစ်သွားတယ်။ အဲဒါနဲ့ အဲဒီလူ အုပ်ထဲမှာပါတဲ့ ၁၀ ဦးကို ပုဒ်မလေးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အခုထိတော့ ဘယ်သူ၊ ဘယ်ဝါတွေလို့ အမည်တပ်မထားသလို ဖမ်းဆီးအရေးယူ ထားတာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရွာက သူတို့ပြဋ္ဌာန်းထားတဲ့ မီးလင်းရေးဥပဒေကို မလိုက်နာလို့ဆိုပြီး မီးဖြတ်ထားတာ အခုဆို တစ်လပြည့်တော့မယ်။ ပြန်မပေးသေးဘူး။ ကျွန်တော်တို့မှာ ငွေကုန်ကြေးကျလည်းခံရ၊ အမှုအခင်းလည်းဖြစ်ရ၊ မီးကလည်း အဖြတ်ခံရနဲ့ ခံဘက်ကချည်းပါပဲ” ဟု မြာကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

မြာကျေးရွာဒေသခံများကဲ့သို့ ထိပ်တိုက်မတွေ့ဘဲ ပြဿနာ အကျယ်အကျယ် မဖြစ်လို၍ သည်းခံလိုက်ရသော မီးလင်းရေး ကော်မတီများလည်း အများအပြား ရှိခဲ့ပြီးဖြစ်သည်။ အမရပူရမြို့နယ်၊ ရွှေစာရံ ဘုရားအနီးရှိ ရွာများတွင်လည်း ယခုရွာများကဲ့သို့ပင် မီးလင်းရေး ပြဿနာတက်ခဲ့ကြပြီး ဖြစ်သကဲ့သို့ နွားထိုးကြီးမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း အငြင်းပွားနေဆဲသာဖြစ်ကြောင်း သိရသည်။

မိမိတို့ NLD အစိုးရသစ်လက် ထက်တွင် တစ်နိုင်ငံလုံးအနေဖြင့် ကျေးလက်မီးလင်းရေးတွင် ၃၈၄၃ ရွာ မီးလင်းပေးနိုင်ဆဲဖြစ်ပြီး ရာခိုင် နှုန်းအားဖြင့် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှုရရှိလာခဲ့ကြောင်း ဒေါက် တာဇော်မြင့်မောင်က ပြီးခဲ့သော စက်တင်ဘာ ၁၀ ရက်က ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတစ်ဆင့်ဟော ပြောခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးမိန့် ခွန်းတွင် ကျေးရွာမီးလင်းရေးတိုး တက်လာပြီဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။ သို့သော်လည်း ယင်းသို့  ကျေးလက်မီးလင်းရေးတိုး တက်လာခြင်းသည် အစိုးရမှ ငွေ ကြေးစိုက်ထုတ်ကာ မီးလင်းရေး ဆောင်ရွက်ပေးခြင်းလား၊ ရွာသူရွာ သားများက ကိုယ်ပိုင်ငွေကြေးစိုက် ထုတ်ကာ ဆောင်ရွက်ခဲ့ခြင်းကြောင့် လားဆိုသည့်အချက်ကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာအုပ်စုထောင့်လေးရာကျော် ၁၄၁၅ ရှိပြီး ကျေးရွာပေါင်း  ၅၀၀၀ နီးပါး ၄၇၉၉ ရှိသည်။ ယင်းကျေးရွာများအနက် ကျေးရွာ ၂၀၀၀ ကျော် သာ မီးရရှိပြီဖြစ်ပြီး မီးဆက်လက် သွယ်တန်းရန် လုပ်ဆောင်ရမည့် ကျေးရွာအများအပြား ကျန်ရှိနေဆဲ ဖြစ်သည်။

“ကျွန်တော်တို့ရွာမှာလည်း အဲဒီလို အကြီးအကျယ် ပြဿနာ တက်ကြတယ်။ ခက်တာက ရွာသားဆိုတော့ ဥပဒေဘာညာ နားမလည်ပါဘူးဗျာ။ အစိုးရ တစ်ဆက်နဲ့ နောက်အစိုးရတစ်ဆက် လူတွေမတူသလို မူလည်းမတူဘူး ဆိုတာပဲ နားလည်တယ်။ အဲဒီတော့ ကိုယ့်ရွာအချင်းချင်း မီးလင်းရေး လုပ်မယ်ဆိုပြီး လာတိုင်ပင်တော့ဟာ။ ငါ့ကောင်ရေ လုပ်မယ်ဆိုလည်း နောက်ရွေး ကောက်ပွဲတော့စောင့်ဟ။ မီးလင်းရေးက အနိမ့်ဆုံးသုံးနှစ်၊ လေးနှစ် ကြာတယ်။ မောင့်အစိုးရသစ် တက် လာမှသာလုပ်၊ ငါတို့လို အစိုးရသက်တမ်း တစ်ဝက်မှလုပ်တော့။ နောက်အစိုးရတစ်ဆက် ပြောင်းသွားတယ်။ အဲဒီမှာ လူတွေလည်းပြောင်း၊ ဥပဒေတွေလည်း ပြောင်းသွားတော့ နဂိုငုတ်တုတ် မပြောင်းဘဲ ကျန်ခဲ့တဲ့ မီးလင်းရေး ဦးဆောင်သမားတွေပဲ ရွာပြောင်းချင်စိတ် ပေါက်တာပေါ့” ဟု ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေး ကော်မတီဝင် တစ်ဦးက ရင်ဖွင့်ရှာသည်။