နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် NLD စီးပွားရေးကော်မတီနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် NLD စီးပွားရေးကော်မတီနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်
Published 7 November 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဖွဲ့စည်းထားသည့် စီးပွားရေးကော်မတီနှင့် အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) တို့ နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ သိရသည်။

အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီအထိ Park Royal ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် စီးပွားရေးကော်မတီ၏ မဟာဗျုဟာမြောက် ဦးစားပေးလုပ်ငန်းစဉ်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကာ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အမေရိကန် ကုန်သည်ကြီးများအသင်းဘက်က Request လုပ်ထားတာပေါ့။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒနဲ့ပတ်သက်ပြီး သိချင်ပါတယ်ပေါ့။ အဲဒါတွေအပါအဝင် ဆွေးနွေးဖို့ရှိတယ်” ဟု စီးပွားရေးကော်မတီဝင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများရှိနေစဉ်က ဖြေလျှော့ရန်နှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရန် တောင်းဆိုခဲ့သည့် အမေရိကန် ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေးကော်မတီ တွေ့ဆုံမှုမပြုမီ ယခုလတွင် အမေရိကန်အောက်လွှတ်တော်မှ ရီပက်ဘလီကင်နှင့် ဒီမိုကရက်အမတ်များက မြန်မာတပ်မတော်ကိုကူညီမှု သို့မဟုတ် မြန်မာတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖြတ်တောက်ရန်နှင့် အမေရိကန်ဗီဇာပိတ်ပင်မှု သို့မဟုတ် ပြန်လည်ပိတ်ပင်မည့် အကြီးတန်းစစ်အရာရှိများကို အိမ်ဖြူတော်ကသတ်မှတ်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့ပြီး အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့များကော်မတီဥက္ကဋ္ဌ ဂျွန်မက်ကိန်းအပါအဝင် အထက်လွှတ်တော်မှ ပါတီနှစ်ရပ်စလုံးပါဝင်သည့်အဖွဲ့ကလည်း နိုဝင်ဘာ ၄ ရက်တွင် ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ပြီး အဆိုပါဥပဒေကြမ်းတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားကို ပြန်လည်ပိတ်ပင်မှုအပါအဝင် မြန်မာနိုင်ငံအပေါ် တင်သွင်းမှုနှင့် ကုန်သွယ်မှု ကန့်သတ်ထိန်းချုပ်မှုများကို ပြန်လည်ချမှတ်ရန် တောင်းဆိုထားသည်။

အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) တွင် မြန်မာနိုင်ငံသား ဝန်ထမ်း ၆၀၀၀ ကျော်ခန့်ထားပြီး ကုမ္ပဏီပေါင်း ၁၆၀ ဝန်းကျင်ဖြင့်ဖွဲ့စည်းထားကာ AMCHAM Myanmar မှပြုလုပ်သည့် Asean Business Outlook Survey အရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် အမေရိကန်ကုမ္ပဏီများ၏ ၂၆ ရာခိုင်နှုန်းမှာ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ပြင်ဆင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စီးပွားရေးကော်မတီ (Economic Committee) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဦးမျိုးမြင့် (ဗဟိုကော်မတီဝင်)၊ ဦးစိုးဝင်း၊ (ဖွဲ့/စုဌာနတာဝန်ခံ) တို့ပါဝင်ကာ ပညာရှင်များအဖြစ် ဦးလေးညွန့် (စိုက်ပျိုးရေးဘောဂဗေဒပညာရှင်) ဒီလွိုက်အင်တုချ်မှ ဦးစိုးဝင်း၊ ဘဏ်လုပ်ငန်းပညာရှင် ဦးစံသိန်း၊ စီးပွားရေးလုပ်ငန်းရှင် ဦးအေးလွင်၊ ဦးရဲမင်းဦး၊ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို၊ ပြည်သူ့စာရင်းကိုင်လက်မှတ်ရ စာရင်းအင်းပညာကျွမ်းကျင်သူ ဦးဝင်းတင်တို့ အဖွဲ့ဝင်အဖြစ်ပါဝင်ကာ စီးပွားရေးလုပ်ငန်းရှင် ဦးမင်းခင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ကော်မတီအနေဖြင့် နိုင်ငံစီးပွားရေးနှင့် စပ်ဆိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေး (Sustainable Development)၊ ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး (Finance)၊ အစိုးရအသုံးစရိတ် (Fiscal and Budget)၊ ငွေကြေးဆိုင်ရာ (Monetary)၊ အစိုးရစီမံကိန်း (National Planning)၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ (Economic Investments)၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာများ (State Own Economic Enterprises and Private Business)၊ သယံဇာတရေးရာ (Natural Resources)၊ စွမ်းအင်ရေးရာ (Energy Sector)၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးရာ (Social and Environment) စသောကိစ္စရပ်တို့အပေါ် အမြင်၊ ရည်မှန်းချက်၊ မူဝါဒ၊ မဟာဗျုဟာ၊ နည်းဗျုဟာ၊ လုပ်ငန်းစဉ်ဆိုင်ရာတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဖွဲ့စည်းထားသည့် စီးပွားရေးကော်မတီနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) ၏ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေဖြင့် AMCHAM Myanmar အသင်းဝင်များအနေဖြင့် ဒေါ်လာ ၂၀ (ကျပ် ၂၈၀၀၀)၊ အသင်းဝင်မဟုတ်သူများအနေဖြင့် ဒေါ်လာ ၃၀ (ကျပ် ၄၂၀၀၀) ပေးသွင်းကာ တက်ရောက်ရမည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Most Read

Most Recent