ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကစားမှုပြုခြင်း တားဆီးကာကွယ်နိုင်မည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား

ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကစားမှုပြုခြင်း တားဆီးကာကွယ်နိုင်မည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား
Published 31 October 2017

ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကစားမှုပြုခြင်းများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က ပြည်သူ့လွှတ်တော်တွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ အိမ်ခြံမြေပိုင်ဆိုင်ခြင်းဖြင့် လူမှုဘဝတည်ငြိမ်မှု ရရှိခံစားနိုင်စေရန်နှင့် အိမ်ခြံမြေဈေးကစားသူများက နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်းတို့မှ အကာအကွယ်ပေးနိုင်စေရန် ပိုင်ဆိုင်မှုအခွန် (Property Tax) ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကို ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပစ္စည်းခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ စည်ပင်သာယာရေးအဖွဲ့များက စည်ပင်သာယာရေးဥပဒေအရ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ကောက်ခံလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြဋ္ဌာန်းထားသည့် ပစ္စည်းခွန်ဥပဒေဟူ၍ မရှိသေးကြောင်း၊ ထို့ကြောင့် ပစ္စည်းခွန်ကောက်ခံခြင်းအပေါ် ကြီးကြပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များအပါအဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ် အောက်တိုဘာမှစ၍ တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ (မူကြမ်း) ကိုရေးဆွဲခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ယင်းဥပဒေနှင့်အညီ ပစ္စည်းခွန် စည်းကြပ်ကောက်ခံနိုင်ခြင်းဖြင့် အခွန်ထမ်းပြည်သူများ တိုးပွားလာကာ နိုင်ငံတော်ဘဏ္ဍာ ပိုမိုတိုးတက်ရရှိစေရန်၊ အဆောက်အအုံနှင့် ပရိဝုဏ်အပေါ် ပစ္စည်းခွန်ကောက်ခံမှုကို အခွန်အရာရှိများက နေထိုင်သူထံမှ စနစ်တကျကောက်ခံ ဆောင်ရွက်နိုင်စေရန် စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ပစ္စည်းခွန်ရငွေတိုးတက်စေရေးနှင့် မျှတသောနှုန်းထားဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) ကို ရေးဆွဲရခြင်းဖြစ်ကြောင်းလည်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါဥပဒေ (မူကြမ်း) ကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်းမပြုမီ ဥပဒေဆိုင်ရာ အကြံဉာဏ်များ ထပ်မံပြန်ကြားနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံဉာဏ်များ တောင်းခံထားကြောင်းလည်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံရေးအတွက် ပစ္စည်းခွန်ကောက်ခံမှု ကြီးကြပ်ရေးဗဟိုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းမည်ဖြစ်ပါတယ်။ အဆိုပါအဖွဲ့က နှစ်စဉ် မြေ၊ အဆောက်အအုံငှားရမ်းခ စံနှုန်းသတ်မှတ်ချက်တန်ဖိုးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်မည်ဖြစ်ပါတယ်။ ယင်းကဲ့သို့ နှစ်စဉ်သုံးသပ်၍ တန်ဖိုးသတ်မှတ်ပြီး ကျသင့်ပစ္စည်းခွန်ကို ကောက်ခံမည်ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကစားသူများက အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကစားမှုပြုခြင်းတို့ကို တားဆီးကာကွယ်နိုင်မည်ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

Most Read

Most Recent