ပလတ်စတစ်အန္တရာယ် တားဆီးကာကွယ်ရန် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ဒီမိုကရေစီ အခြေခံအလေ့အကျင့်ကောင်းများကို မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံး၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းသည့်အဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်း

ပလတ်စတစ်အန္တရာယ် တားဆီးကာကွယ်ရန် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ဒီမိုကရေစီ အခြေခံအလေ့အကျင့်ကောင်းများကို မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံး၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းသည့်အဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်း
Published 31 October 2017

အောက်တိုဘာ ၃၀ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

ပလတ်စတစ်အန္တရာယ် တားဆီးကာကွယ်ရန် နေ့စဉ် စွန့်ပစ်အမှိုက်များတွင်ပါဝင်သည့် ပလတ်စတစ်ပစ္စည်းများကို သီးသန့်ဖယ်ရှားစွန့်ပစ်စေခြင်းနှင့် ပလတ်စတစ်အသုံးပြုမှုနှုန်းထားများ လျှော့ချခြင်း စသည့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ဒီမိုကရေစီ အခြေခံအလေ့အကျင့်ကောင်းများကို မူဝါဒတစ်ရပ်ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဤလွှတ်တော်က ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။

၎င်းအဆိုကို အောက်တိုဘာ ၃၀ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။

“ယနေ့ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကပြဿနာတစ်ရပ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများပင်ဖြစ်ပါတယ်။ ယခုလက်ရှိ ကျွန်တော်တို့အသုံးပြုနေသော လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြားမှအစ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ သောက်ရေသန့်ပုလင်းအဆုံး ပလတ်စတစ်နဲ့ မလွတ်ကင်းနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့သုံးစွဲပြီးသည့် ပလတ်စတစ်များကို နောက်ထပ်တစ်ဖန် ထပ်မံ၍ ပြန်လည်သုံးစွဲနေသည့် ပမာဏနှုန်းထားမှာ အလွန်နည်းပါးလှတဲ့အတွက် စွန့်ပစ်ပစ္စည်းများအနက် ပလတ်စတစ်ပစ္စည်းဟာ အများဆုံးဖြစ်လာပြီးမှ နေရာအနှံ့မှ ပလတ်စတစ်အမှိုက်တွေ တဖြည်းဖြည်း များပြားလာရခြင်းဖြစ်ပါတယ်” ဟု အဆိုရှင်က ဆွေးနွေးတင်ပြသည်။

ထို့ပြင် အဆိုရှင်က မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်မှာ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများ စုဝေးမျောပါနေသဖြင့် ညစ်ညမ်းမှုအဆင့်တို့၏ နဝမမြောက်နေရာတွင် ရောက်ရှိနေကြောင်း၊ ပလတ်စတစ်အိတ်များသည် ရောဂါများစွာဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ပလတ်စတစ်အန္တရာယ်ကို တားဆီးကာကွယ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ပလတ်စတစ်အသုံးပြုမှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ်ခြင်းမှ ပြန်လည်ထုတ်လုပ်သုံးစွဲခြင်း စသည့် နည်းလမ်းများစွာဖြင့် စနစ်တကျထိန်းချုပ်ခြင်း၊ လျှော့ချခြင်းအစီအမံတို့ကို အပြောင်းအလဲတစ်ရပ်အဖြစ် ဒီမိုကရေစီအစိုးရလက်ထက်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူလူထုကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်အဝဖြင့် စွန့်ပစ်မည့်အမှိုက်၊ ပလတ်စတစ်တို့ကို စည်းကမ်းတကျ ခွဲဝေစွန့်ပစ်ခြင်းဖြင့် ပါဝင်ကူညီပေးစေလိုကြောင်း ဦးစိုင်းငေါင်းဆိုင်ဟိန်းက ပြောကြားသည်။

“ကမ္ဘာပေါ်တွင် အလွန်အန္တရာယ်များသော ပလတ်စတစ်သုံးစွဲမှုများကို နည်းလမ်းမျိုးစုံဖြင့် လျှော့ချနေကြပါတယ်။ ပလတ်စတစ်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ဒဏ်ငွေဆောင်စေခြင်း၊ ပိတ်ပင်တားမြစ်ခြင်း၊ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းတို့ဖြင့် နည်းလမ်းမျိုးစုံဖြင့် တားဆီးကာကွယ်နေကြပါတယ်” ဟု အဆိုရှင်က ဆွေးနွေးတင်ပြသည်။

ပလတ်စတစ်အန္တရာယ်ကို ပြည်သူလူထု လိုက်ပါဆင်နွှဲနိုင်ရန် အစိုးရမှ မူဝါဒကောင်းများ ရေးဆွဲချမှတ်ပေးရမည်ဖြစ်ကြောင်း၊ အန္တရာယ်ရှိမှန်းသိပါက အန္တရာယ်ကိုတားဆီးကာကွယ်ရမည့် မဟာဗျူဟာ၊ နည်းဗျူဟာများ ရေးဆွဲချမှတ်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှသာ တိုင်းသူပြည်သားအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အစိုးရကောင်းတစ်ရပ်အဖြစ် သမိုင်းတွင်မည့် မှတ်တမ်းကောင်းများ ထားရှိခဲ့နိုင်မည်ဖြစ်ကြောင်း ဦးစိုင်းငေါင်းဆိုင်ဟိန်းက ဆက်လက်ပြောကြားသည်။

ထို့နောက် အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသည်။

Most Read

Most Recent