ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲသို့ လူပေါင်း ထောင်နှင့်ချီ၍ တက်ရောက်

ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲသို့ လူပေါင်း ထောင်နှင့်ချီ၍ တက်ရောက်
Published 30 October 2017

မြန်မာ့တပ်မတော်နှင့် နိုင်ငံဝန်ထမ်းကောင်းများ ထောက်ခံပွဲကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီ၍ ချီတက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာ့ တပ်မတော်နှင့် နိုင်ငံဝန်ထမ်းကောင်းများ ထောက်ခံပွဲကို အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီ တက် ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲကို မွန်းတည့် ၁၂ နာရီ မှစ၍ ဗဟန်းမြို့နယ် ဗဟန်း (၃) လမ်း မှတ် တိုင်အနီးတွင် စုရပ်ပြုလုပ်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီး ထောက်ခံပွဲသို့ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

“ဒီပွဲကို စီစဉ်ရတာကတော့ မြန်မာ့တပ်မတော်ရယ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို စိတ်ဓာတ်ခွန်အား မြှင့်တင်စေချင်တဲ့အတွက် လုပ်ပေးရခြင်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို နိုင်ငံတကာက ဖိအားပေးမှုတွေ၊ နိုင်ငံအတွင်းမှာလည်း မြန်မာ့တပ်မတော်ကို မကြည်လင်တာတွေ အများကြီးရှိပါတယ်။ ဘယ်လိုတွေပဲရှိရှိ အမျိုးသားရေးအတွက် မြန်မာ့တပ်မတော်ကို အမြဲတမ်း အားပေးနေတယ် ဆိုတာကို တပ်မတော်ကို သိစေချင်တဲ့အတွက် ဒီလိုရည်ရွယ်ချက်မျိုးတွေနဲ့ လုပ်ရတာပါ။မြန်မာ့တပ်မတော်အပြင် နိုင်ငံဝန်ထမ်းကောင်းတွေ ဆိုတာက အနောက်တံခါးမှာ အသက်ပေးခဲ့တာတွေရှိတယ်။ လဝကတို့၊ ကျောင်းဆရာတွေ ဆရာမတွေ အသက်ပေးခဲ့တယ်။ ဒီလိုတွေ ဖိအားတွေများနေရင် နိုင်ငံဝန်ထမ်းတွေ အဲဒီနေရာကို မသွားရဲမလာရဲ ဖြစ်နေရင် အနောက်တံခါးရဲ့ တိုးတက်မှုက ကျဆင်းလာလိမ့်မယ်။ အဲဒီတော့ တို့ကလည်း သူတို့နဲ့အတူရှိ နေတယ်ဆိုတာကို လုပ်ပြခြင်းအားဖြင့် အားတက်ပြီး အကြောက်တရားကို ဘေးဖယ်ပြီးတော့ အမျိုးသားရေးဆိုတဲ့ စိတ်ဓာတ်တွေကို ဆက်လက် တာဝန်ထမ်းဆောင်နိုင်အောင် ဒါကိုရယ်ရွယ်ပြီး လုပ်တာပါ။ ကျွန်တော့် အနေနဲ့ကတော့ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီး ကတည်းက မြန်မာ့တပ်မတော်ရဲ့အားတွေ မြန်မာပြည်မှာ အများကြီး ရှိနေခဲ့တယ်။ အဲဒီတော့ မြန်မာ့တပ်မတော်ကို ပြည်သူတွေက အမြဲတမ်း ထောက်ခံနေတယ်။ ဘယ်သူကပဲတိုက်တိုက် မြန်မာ့တပ်မတော်ကို နိုင်ငံတကာကပဲတိုက်တိုက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို၊ ကိုယ့်ဘာသာကို ကာကွယ်နေတဲ့ တပ်မတော်သည် အမြဲတမ်း တည်တံ့နေအောင် အမျိုးသားရေး သမားတွေ၊ ပြည်သူတွေက အမြဲတမ်း ရှိနေတယ်လို့ ပြောချင်ပါတယ်” ဟုထောက်ခံပွဲကို ဦးဆောင်စီစဉ်သူ ဦးတင့်လွင်က ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲကို သံဃာတော်များ၊ တပ်မတော်သားဟောင်းများ၊ အမျိုးသားရေး လှုပ်ရှားသူများ၊ လူပေါင်းထောင်နှင့်ချီ တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီများကိုလည်း တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

“ဒီပွဲကို ရန်ကုန်တိုင်းဒေသကြီးအပြင် ဧရာဝတီ၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ မွန်ပြည်နယ်နဲ့ တခြားဟာတွေလည်း အများကြီးပါပါတယ်။ ကျွန်တော်တို့က ရန်ကုန်မှာရှိတဲ့ ပါတီ ၂၉ ပါတီလုံးကို ဖိတ်ထားပါတယ်။ NLD လည်းပါတယ်။ တက်တာ၊ မတက်တာတော့ သူတို့ကဏ္ဍပါ။ ဘယ်ပါတီဖြစ်ဖြစ် ယူနီဖောင်းနဲ့ တက်ပါလို့ ပြောထားတယ်။ ကျွန်တော်တို့ အမျိုးသားရေးမှာ အရောင်မရှိဘူး။ အမျိုးသားရေး စိတ်ဓာတ်နဲ့လာရင် ဘယ်ပါတီဖြစ်ဖြစ် လက်ခံတယ်။ ဒါကြောင့်လည်း ဖိတ်ကြားခဲ့ပါတယ်။ အခု USDP တက်လာတယ်။ သူတို့အလံတွေ၊ ယူနီဖောင်းတွေနဲ့ လာတယ်။ အဲဒီတော့ ဘယ်ပါတီ၊ အဖွဲ့အစည်းရယ်လို့ မဟုတ်ဘူး။ အကုန်လုံးကို လက်ခံပါတယ်။ ကျွန်တော်တို့ အမျိုးသားရေးသမားရေးတွေရဲ့ စိတ်ဓာတ်က ဘယ်သူလာလာ အားလုံးကို လက်ခံပါတယ်” ဟု ဦးတင့်လွင်က ဆက်လက် ပြောကြားသည်။

ထောက်ခံပွဲသို့ ချီတက်လမ်းလျှောက်ရာတွင် တက်ရောက် လာသူများက မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော်အလံများ ကိုင်ဆောင်ခြင်း၊ အချုပ်အခြာအာဏာအား ထိပါးရန် မြန်မာ့တပ်မတော်အား ဖိအားပေးနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချကြ၊ ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းပြည်ဖြိုခွင်းမည့်အကြံ တို့လက်မခံ အစရှိသော ဗွီနိုင်းများ ကိုင်ဆောင်ပြီး ‘တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာ ဖိအားများ ဖယ်ရှားကြ၊ တပ်မတော်အပေါ် ဖိအားပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများအား ဆန့်ကျင်ကြ၊ နိုင်ငံ့အချုပ်အခြာအာဏာအား ကာကွယ်နေသော တပ်မတော်သားများ ထောက်ခံကြ၊ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများအား အားပေးကြ၊ နိုင်ငံအတွက် အသက်ပေးလှူ သွားကြသော နိုင်ငံ့ဝန်ထမ်းကောင်းများအား ဂုဏ်ပြုကြ၊ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသနာအား ကာကွယ်ပေးနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီး ကျန်းမာပါစေ၊ နိုင်ငံတော် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းကောင်းများ ကျန်းမာပါစေ’ အစရှိသော ကြွေးကြော်သံများဖြင့် ချီတက်လမ်းလျှောက် ခဲ့ကြကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲ အခမ်းအနား ကျင်းပရာတွင် တက်ရောက် လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နိုင်ငံဝန်ထမ်းကောင်းများအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent